Saturday, December 17, 2011

ထင်မြင်ယူဆချက်

at 1:14 PM
အဲဒီ ထင် မြင် ယူဆချက် ဆိုတာ လူတိုင်းအတွက် တကယ့်ကို အရေးကြီးပါတယ်။ ဒီ ထင် မြင် ယူဆချက် ဆိုတာက ကိုယ့်ဘာသာ ထင်တယ် ကိုယ့်ဘာသာ မြင်တယ် ပြီးတော့ ကိုယ့်ဘာသာပဲ ယူဆလိုက်တဲ့ သဘောကိုပြောချင်တာပါ (တကယ်တမ်းတော့ သူတို့ ထင် မြင် ယူဆ လိုက်သလို ဖြစ်ချင်မှဖြစ်လာတာပါ) ။

ဘာအလုပ်ပဲဖြစ်ဖြစ် အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လူတွေရဲ့အတွေးကနေစပါတယ်။ နေရာတိုင်းမှာ အကောင်းဘက်ကကြည့်တဲ့သူတွေ (positive thinking) ရှိသလို အဆိုးမြင်တတ်တဲ့သူတွေ (negative thinking) လည်းရှိပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေ အပြုသဘောဆောင်တဲ့သူတွေက အလုပ်တစ်ခုကို
ဖြစ်နိုင်တယ် ဖြစ်အောင်ဘယ်လိုလုပ်မယ် ဆိုတာကနေ စတွေးပါတယ်။

အဆိုးမြင်တတ်တဲ့သူတွေကတော့ ဒါမဖြစ်နိုင်ပါဘူး ဒါကိုလုပ်လိုက်ရင်တော့ ဘယ်လို အခက်အခဲတွေဖြင့်ကြုံရနိုင်တယ် ဆိုတာကနေစတွေးပါတယ်။ ကိစ္စတစ်ခုအောင်မြင်ဖို့အတွက် အဲဒီအတွေးအခေါ်မျိုးက တကယ်ပြဿနာရှိပါတယ်။

ကျွန်မတို့ရဲ့ CEO မကြာခဏပြောဖူးတဲ့ ဥပမာလေးတစ်ခုက ဒီလိုပါ - လူပိန်လေး မောင်ဖြူနဲ့မောင်နီဆိုပြီး သူငယ်ချင်း၂ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူတို့၂ယောက်ကို သူတို့ထက်လူကောင်ကြီးတဲ့သူငယ်ချင်းတစ်ယောက်က စစ်တိုက်တိုင်းဆော့ကြမယ်။ သေနတ်နေရာမှာ လေးခွမှာဖော့လုံးတွေသုံးပြီးပစ်ကြမယ်။
ဘယ်သူအချက်များဆုံးထိအောင်ပစ်နိုင်မလဲ ဆိုပြီး စိန်ခေါ်ပါတယ်။ သူတို့သူငယ်ချင်း၂ယောက် တိုင်ပင်တယ်။
အဲဒီမှာ မောင်နီက ပြောပါတယ် "မောင်ဖြူ သွားမပြိုင်နဲ့ကွာ ဟိုကငါတို့ထက်လူကောင်ကြီးတယ်။ သူကငါတို့ကိုပစ်ရင် ငါတို့ပဲခံရလိမ့်မယ်။"မောင်ဖြူကပြန်ပြောပါတယ် "မင်းဘာလို့အဲလိုတွေးလဲ။ တကယ်ဆို
သူကလူကောင်အကြီးကြီးပဲ။ အဲဒီတော့ လေးခွနဲ့ပစ်ဖို့ချိန်တဲ့အခါမှာ သူ့ခန္ဓာကိုယ်ကပစ်မလွဲပဲ။ နောက်ပြီး သူငါတို့ကိုပြန်ပစ်တဲ့အခါဆိုလည်း ငါတို့ကလူကောင်သေးတဲ့အတွက် ငါ့တို့ကိုထိအောင်ပစ်နိုင်ဖို့က သူ့ကို ထိအောင်ပစ်ရတာထက် ပိုခက်ပါတယ်" ဆိုပြီး ပြိုင်ပါသတဲ့။ “အဲဒီအခါမှာ ရလာဒ်က ဘာဖြစ်နိုင်မလဲ” ဆိုတဲ့ အမေးအဖြေနဲ့ CEO က သူ့ဥပမာလေးကိုအဆုံးသတ်ပါတယ်။

ဒီဥပမာလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ လူနှစ်ယောက်က ကိစ္စတစ်ခုတည်းကို မတူညီတဲ့ ရှု့ထောင့်နှစ်ခုကနေ ကြည့်တဲ့အခါမှာ ကြည့်တဲ့ရှု့ထောင့်ပေါ်မှာ မူတည်ပြီး ရမယ့်ရလာဒ်လည်းကွဲပြားတယ် ဆိုတာကိုပြောချင်တာပါ။

စတွေးကတည်းက မအောင်မြင်ဘူးလို့တွေးတဲ့သူက ပန်းတိုင်မရောက်ခင် လမ်းမှာကြုံရမယ့်အခက်အခဲတွေကိုပဲ အရင်တွေးတယ် မြင်တယ်။ စတွေးကတည်းက အောင်မြင်အောင်လုပ်မယ်လို့တွေးတဲ့သူကတော့ ကြားကအခက်အခဲတွေကို မတွေးပါဘူး။ ဘယ်လိုလုပ်ရင် အောင်မြင်နိုင်မလဲ ဆိုတာကိုပဲ တွေးပါတယ် မြင်ပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် စစချင်းတွေးလိုက်တဲ့အတွေးဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု အောင်မြင်အောင်ကြိုးစားဖို့/အောင်မြင်ဖို့က အဲဒီအတွေးပေါ်မှာ အများကြီးမူတည်နေပါတယ်။

အခက်အခဲဆိုတာကတော့ နေရာတိုင်း အလုပ်တိုင်းမှာရှိနေတာပါပဲ။ ကြိုတွေးလို့လည်း မရသလို ဘယ်နေရာရောက်ရင် ဘယ်လိုအခက်အခဲနဲ့ကြုံရမယ်ဆိုတဲ့ ပုံသေနည်းလည်း မရှိပါဘူး။ ကြုံတောင်မကြုံရသေးဘူး ကြိုတွေးပြီး နောက်တွန့်နေမယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်ဟာ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းသထက်နည်းပြီး ဘယ်တော့မှလည်း အောင်မြင်လာမှာမဟုတ်ပါဘူး။

ဘယ်လိုအလုပ်မျိုးလုပ်တာပဲဖြစ်ဖြစ် လူတစ်ယောက်မှာ positive thinking ရှိနေဖို့အရေးကြီးပါတယ်။ ဒါဆို တစ်ဝက်နီးပါးအောင်မြင်နေပါပြီ။ အခုကျွန်မပြောတဲ့အကြောင်းအရာတွေကို ဖတ်လိုက်ရင် ဒါတွေက ကျွန်မတို့အားလုံး နားလည်သိရှိပြီးသားလိုပါပဲ။ တကယ်တမ်းလက်တွေ့မှာတော့ “ရှောင်သင့်တာတွေကို ရှောင်ဖြစ်လား သုံးသင့်တာကိုရော တကယ်သုံးဖြစ်လား” တွေးကြည့်တဲ့အခါ “ကျွန်မတို့တွေ သိပေမယ့် မလုပ်ဖြစ်ခဲ့တာတွေ” က ပိုများနေပါတယ်။

လူတိုင်းဟာ အရင်ဆုံး ကိုယ့်ရဲ့အတွေးအခေါ်ကစပြီး ဂရုစိုက်သင့်ပါတယ်။ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်ဆိုတာ အတွေးအခေါ်ရဲ့နောက်မှာမှ လိုက်လာတာပါ။ အဲဒီအတွေးအခေါ်ကနေစပြီး သေချာဂရုစိုက်မယ်ဆိုရင် အလုပ်ခွင်မှာ ၊ မိသားစုမှာ ၊ ပတ်ဝန်းကျင်မှာ ၊ နောက်ဆုံး ကိုယ့်ဘ၀မှာပါ အမှားတွေ နည်းသထက်နည်းပြီး
ရည်မှန်းချက်တွေလည်း အောင်မြင်လာမှာ အသေအချာပါပဲ။

မာယာဖြူ
၁၆.၁၂.၂၀၁၁ {သောကြာ}
9:12 PM

3 comments:

Anonymous said...

Positive Thinking တွေးတက်တဲ့သူနဲပါတယ်ဟာ..
စတွေးလိုက်တာနဲ့လူတွေကအထင်နဲ့ဆုံးဖြတ်ကြတာများတယ်...
negative thinking တွေပေါ့...
ငါတို့ရုံးမှာဆောင်ပုဒ်လေးတခုဆွဲထားတယ်..
"ထင်မြင်ယူဆခြင်းသည်မှားယွင်းခြင်း၏အစဖြစ်သည်"တဲ့...

ယောင်းယောင်း(ဖြူလေး)

Candy said...

မှန်တာပေါ့.. အကောင်းဖက်ကပဲ တွေးပြီး ဘယ်လိုဖြစ်အောင်လုပ်မယ်ဆိုတာ တွေးတောသင့်တယ် :D

jasmine(တောင်ကြီး) said...

ဟုတ်တာပေါ့ရှင်
အကောင်းကိုပဲတွေးပြီး
အကောင်းတွေပဲ လုပ်ဖြစ်ခဲ့ရင်တော့ဘ၀တွေဖြူစင်တာပေါ့နော်

Post a Comment

မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review