Thursday, December 8, 2011

ဘာအတွက်ကြောင့်များ

at 3:45 AM
ဒီမနက် ရုံးမှာအရမ်းရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်အမတစ်ယောက် သူ့အမျိုးသားနဲ့စကားများလာလို့ ငိုနေတာကို ကြည့်ရင်း တွေးမိတယ်။ အဲဒီအမနဲ့သူ့အမျိုးသားက မကြာခဏစကားများကြပြီး သူလည်းမကြာခဏ ငိုတာကို မြင်နေရသလို ကိုယ့်ကိုလည်း သူ့ရဲ့အကောင်းအဆိုးတွေကို ရင်ဖွင့်နေကျမို့ သူငိုတိုင်း စိတ်မကောင်းဖြစ်ရတယ်။

သူ့အမျိုးသားက လူတစ်ယောက်ကို အထက်စီးကနေ စကားလုံးအကြီးကြီးတွေနဲ့ ထိုးနှက်တတ်တဲ့ လူအမျိုးအစားထဲမှာ ပါတာကြောင့် သူနဲ့ကိုယ်ရင်းနှီးပေမယ့် စကားအပြောအဆို သိပ်မရှိအောင် ရှောင်ဖြစ်တယ် (ပြောရရင်တော့ မြန်မာစကားကို ရေရေလည်လည် အသုံးချတတ်သူပေါ့)။ ချစ်သူဘ၀တုန်းကတော့ အဲဒီအမကိုအရမ်းဂရုစိုက်တယ်။ သူလေကြီးတာကို သိပေမယ့် ဒီအမအပေါ်တော့ ကြင်နာတတ်တဲ့ လူတစ်ယောက်အဖြစ် သူ့ကိုမြင်ခဲ့တယ်။

ဒါကြောင့်လည်း "မိန်းမတစ်ယောက်အတွက်တော့ ငွေကြေးပြည့်စုံတဲ့ယောင်္ကျားထက် အကြင်နာတရား ကိုယ်ချင်းစာတရားတွေနဲ့ ပြည့်စုံတဲ့ယောင်္ကျားကိုရမှသာ အိမ်ထောင်ရေးကံကောင်းတယ် လို့ဆိုနိုင်တာပါ" ဆိုတဲ့ သူ့ခံယူချက်အတိုင်း အရမ်းကိုစန်းပွင့်ပြီး ချစ်စရာကောင်းတဲ့အမက ဒီယောင်္ကျားကိုပဲ သူ့ဘ၀လက်တွဲဖော်အဖြစ် ရွေးခဲ့ပါတယ်။ အခုဆို ချစ်စရာကောင်းတဲ့ ၄နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းတော့ သူမ မျှော်လင့်ခဲ့တာတွေ ပြောင်းလဲသွားခဲ့တယ်။ သူ့အမျိုးသားက အလုပ်ကိစ္စနဲ့ ခရီးခဏခဏထွက်နေရသူမို့ တူတူရှိတဲ့အချိန်လေးကို ကြည်ကြည်နူးနူးနေချင်ပေမယ့် တကယ်တမ်းတော့ ရန်ပွဲဆင်နွှဲရတာကသာ များနေခဲ့တယ်။ ဘယ်လိုပဲ လင်နဲ့မယား လျှာနဲ့သွား ပြောပြော ခဏခဏကိုက်မိနေတဲ့အခါ ဒဏ်ရာအကြီးကြီး ဖြစ်လာနိုင်တာပါပဲ။ နောင်တစ်ချိန်ကျရင် ဒီယောင်္ကျားဘေးမှာ ကျန်နေခဲ့မယ့် တစ်ဦးတည်းသောအဖော်ဟာ ကိုယ့်ဇနီး ၊ ဒီမိန်းမဘေးမှာ ကျန်နေခဲ့မယ့် တစ်ဦးတည်းသောအဖော်ဟာလည်း ကိုယ့်ယောင်္ကျားပဲမို့ လင်နဲ့မယားဆိုတာ လောကမှာ အရင်းနှီးဆုံးသူစိမ်းတွေ ဖြစ်နေရဲ့သားနဲ့ ၊ မပြောမဆို မပက်သက်ပဲဘယ်လိုမှနေလို့မရနိုင်ပဲနဲ့ ၊ မိုးလင်းလို့မျက်လုံးအစုံဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်ရတဲ့မျက်နှာ ညအိပ်ရာဝင်တဲ့အခါ မျက်လုံးတွေမမှိတ်ခင်အထိ နောက်ဆုံးအမြင်အာရုံဟာ ကိုယ့်နံဘေးက ကိုယ့်အိမ်ထောင်ဘက် ဖြစ်နေရဲ့သားနဲ့ ၊ ဘ၀ရဲ့အချို အချဉ် အငန် အခါး ရသပေါင်းစုံကို အတူတူရင်ဆိုင်ဖြတ်သန်းနေရင်းနဲ့ ၊လင်နဲ့မယားဆိုတာ နှစ်ယောက်ပေါင်းမှ ဘ၀တစ်ခုဖြစ်နေရဲ့သားနဲ့ ဘာလို့များ ကိုယ့်ရဲ့အနီးကပ်ဆုံး အရင်းနှီးဆုံးလူကို နာကျင်စေရတာလဲ ? နာကျင်မှုပဲဖြစ်ဖြစ် ကြင်နာမှုပဲဖြစ်ဖြစ် ပေးရတာခြင်း တူတူပါပဲ။ ဒီနာကျင်မှုတွေအစား လင်မယားဆက်ဆံရေးမှာ အဖိုးမဖြတ်နိုင်တဲ့ တခြားကြင်နာနွေးထွေးမှုတွေ ပေးမယ်ဆို ဘယ်လောက်ကောင်းမလဲ။ နာကျင်စရာဟာ ပေးရတဲ့သူအတွက်လည်း မကောင်းသလို ခံယူရတဲ့သူအတွက်တော့ ပိုလို့တောင်ဆိုးပါသေးတယ်။ နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေတဲ့အရာပါ။ တစ်ဦးနဲ့တစ်ဦးကြား ဘာလို့များ နာကျင်စရာကို ကြင်နာစရာထက် ပိုဖက်တွယ်နေလဲဆိုတာ တွေးလေ နားမလည်လေ ဖြစ်မိပါတယ်။ မိန်းမတွေကတော့ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သူတို့ရဲ့နာကျင်မှုကို မျက်ရည်အဖြစ်သာ သွန်ထုတ်လျော့ချနိုင်ကြတာပဲမလား။ သူငိုနေတာကို ကြည့်ရင်း ကြည့်ရင်း ကိုယ်လည်း တွေးရင်း တွေးရင်း ........................................

မာယာဖြူ

1 comments:

PURPLE VINE said...

ကိုယ်လဲ တွေးသွားတယ်။ အိမ်ထောင်ကျပြီးမှ ပြောင်းလဲသွားတဲ့သူတွေကို ကိုယ်ကပဲနားမလည်နိုင်တာလား၊ သူတို့ကပဲ ဟန်ဆောင်ကောင်းတာလား၊ အဲ့ဒီအကျင့်တွေကို မမြင်နိုင်ခဲ့တဲ့သူကပဲ ညံ့တာလား။ ဟူးးးးးး

P.S ညီမရေ... စကားမစပ် ကွန်မန့်က word verification လေး အဆင်ပြေမယ်ဆို ဖြုတ်ပေးပါလား။

Post a Comment

မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review