Saturday, December 1, 2012

ဆောင်းစိုလက်ထဲက အလွမ်းနှစ်ပွင့်ထိခတ်ခြင်း

at 12:42 AM 7 comments
~ မိုးဇက် ~
အလွမ်းတွေကျို့ထိုးနေတာ အသက်ရှုတောင်မဝဘူး
တစ်ချက်တစ်ချက်ထိမ်းချုပ်မဲ့အလွမ်းတွေထွက်ကျလာတာများ
မြင်မကောင်းဘူး မာယာ
အဲဒီတတ်တူး ဒီလောက်အရာထင်မှန်းသိရင်
အစထဲကထိုးဖို့စိတ်ကူးမိမှာမဟုတ်ဘူး
ဘယ်သူမှမရှိတုန်း မင်းနားနားလေးကပ်ပြီးပြောပြမယ်
ကိုယ့်ဘယ်ဘက်ရင်အုံမှာ ထိုးထားတဲ့တတ်တူးစာလုံးက
“ မာယာ ” တဲ့ ...

~ မာယာဖြူ ~
မင်းအရေပြားပေါ်က နာမည်လေးတစ်ခုအတွက်
စာဖွဲ့လို့နေတာလားကွယ်
ဒီလိုဆို ကိုယ့်နှလုံးခုန်သံစည်းချက်တိုင်းမှာ
ရုပ်လုံးပေါ်နေတဲ့ မင်းနာမည်အတွက်
ဘယ်လိုကာရံတွေနဲ့ ကိုယ်ဖွဲ့ဆိုရမလဲ
စကားမစပ် မိုးဇက်ရေ
မင်းဘယ်လောက်လွမ်းနေလဲဆိုတာ
ဒီစကားလေးနဲ့ ယုံရမှာလားကွယ်

~ မိုးဇက် ~
မင်းရဲ့ရနံ့တွေနဲ့ ကိုယ့်ညတွေကူးခတ်နေရတာ
လက်ပန်းကျလှပြီ မာယာ
ဟိုးအဝေးတစ်ဘက်ဆီက လွင့်မျောလာတဲ့
မင်းရဲ့ကိုယ်သင်းရနံ့တွေ
ကိုယ့်အာရုံကိုမှ ဘာလို့နေ့တိုင်းရစ်ပတ်နေတာလဲ
မင်းရဲ့မျက်ဝန်းနက်တွေကို တဆောင်းတွင်းလုံးရှာဖွေရင်း
ဝဲကျနေတဲ့ဆံစလေးတွေကို လွမ်းရင်း
ကိုယ့်ရင်ဘက်ထဲမှာ ဒီအလွမ်းတွေအုတ်အော်သောင်းနင်းပွင့်နေတာ မင်းသိရဲ့လား
မင်းရောဘယ်လိုအရောင်တွေနဲ့ လွမ်းနေမလဲ
မင်းစိတ်ကို ကိုယ်အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ် ...

~ မာယာဖြူ ~
ကောင်းကင်ပြတင်းဆီက
လေပြေသောသောနဲ့
ဒရောသောပါး ခုန်ဆင်းလာတဲ့
နှင်းမှုန်တွေကြား
ဆောင်းရနံ့တွေကိုရှူရှိုက်
အလွမ်းတွေကိုထွေးပိုက်
ဒီလိုနဲ့ ကိုယ့်ညတွေမိုးသောက်နေရတာ
မင်းသိသင့်တယ် မိုးဇက်ရယ်
ဆောင်းခိုငှက်တို့အိမ်ပြန်ချိန်ရောက်ရင်
တဆောင်းလုံးစာအလွမ်းတွေနဲ့အတူ
ကိုယ်အမှာပါးလိုက်မယ်
ဟိုးးးးအဝေးကနေ
ကိုယ့်စိတ်ကို အကြိမ်ကြိမ်ဖတ်မနေပါနဲ့
ရှင်သန်ရာဘဝတစ်လျှောက်
ကိုယ့်ဘဝရဲ့သခင် ကိုယ့်နှလုံးသားရဲ့အရှင်က
မင်းပဲဆိုတာ ....

~ မိုးဇက် ~
ဒါပေမယ့် မာယာ
အဝေးတစ်နေရာကနေ
မင်းနာမည်ကို အာရုံငါးပါးစလုံးနဲ့ရွတ်နေတာ
ကိုယ့်ဘဝတစ်ရာသီလုံး မပြီးနိုင်မစီးနိုင်အောင်ပါပဲ
ကိုယ့်အသက်ရှုသံတိုင်းမှာ
မင်းပုံရိပ်တွေ လတ်လတ်ဆပ်ဆပ်ရှိနေဆဲဆိုတာ
ကိုယ့်ရင်ဘက်တစ်ခုလုံးနဲ့ တိုင်တည်ချင်လို့
မင်းဆီကို ရောက်အောင်လာခဲ့မယ် မာယာ ....

~ မာယာဖြူ ~
မိုးဇက်ရေ
ဘယ်လောက်ပဲဝေးဝေး
အချစ်တွေရှင်သန်နေသမျှ
အကွာအဝေးဆိုတာ ပညတ်ချက်တစ်ခုရယ်ပါ
တို့ဝေးစဉ်ခဏ
အေးစက်မသွားတဲ့ချစ်ခြင်းတွေ
အမြဲရှင်သန်နွေးထွေးနေရင်း
မင်းလာရာလမ်းကို သစ္စာခင်းလို့စောင့်
ဒီမြေဒီကမ္ဘာမှာ
မင်းရင်ခွင်သည်သာ
ကိုယ်အနေချင်ဆုံးနေရာ ....

{ မိုးဇက် နဲ့ ကျွန်မ တသီးတသန့် ဖွဲ့ဆိုဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ }

၁.၁၂.၂၀၁၂ (စနေ)
SWEET DECEMBER
12:43 AM

Monday, October 29, 2012

ဆင်နွှဲလို့ပျော်ပျော် ဆွမ်းတော်ကြီးကပ် ပွဲတော်

at 8:43 PM 2 comments

သီတင်းကျွတ်လဟာ ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ လထူးလမြတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလကာလအတွင်း တရားရေအေးတိုက်ကျွေးပြီးနောက် နတ်ဗြဟ္မာအပေါင်းခြံရံလျှက် တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက်တော်မူလာတဲ့အတွက် နတ်ပြည်ကနေလူ့ပြည်ထိလမ်းတစ်လျှောက်ကို နတ်လူအပေါင်းမှ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းတို့မှာ ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြတဲ့ "အဘိဓမ္မာအခါတော်နေ့" လည်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ လူကြီးမိဘဆရာသမားတွေကို လိုက်လံကန်တော့ကြတာဟာလည်း ဘယ်တော့မှရိုးမသွားနိုင်တဲ့ မြန်မာတို့ရဲ့ အလွန်ကြည်နူးဖွယ်ရာ ချစ်စရာ့ဓလေ့တစ်ခုပါ။ ကျွန်မတို့ငယ်ငယ်ကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်ဆို အလွန်ပျော်ကြရပါတယ် (လူကြီးမိဘတွေကိုကန်တော့လို့ မုန့်ဖိုးရတဲ့အခါဆို ပိုပျော်ပါတယ် :P)။ ကလေးဘ၀ကသီတင်းကျွတ်ရက်တွေဟာဖြင့် လမ်းတွေလမ်းတွေမှာ ရောင်စုံ ဒီဇိုင်းစုံ မီးပုံးများချိတ်ဆွဲခြင်း ဖယောင်းမီးများနှင့်စာလုံးအလှဖော်ခြင်း မီးရှူးမီးပန်းများဖောက်ခြင်း စတာတွေအပြင် လူကြီး လူလတ် လူငယ် ကလေး အရွယ်မရွေး မီးထွန်းပွဲတော်ကို လမ်းလျှောက်ကြည့်ရှု့ကြတာဖြင့် အလွန်စည်ကားပြီးပျော်စရာလည်းကောင်းပါတယ်။ အခုနောက်ပိုင်းတော့ ဒါမျိုးတွေသိပ်မတွေ့ရတော့ပါဘူး။ ဘုရားရင်ပြင်တော်မှာ ဆီမီးများထွန်းညှိပူဇော်ကြခြင်း ၊ ၀တ်ရွတ်ပူဇော်ကြခြင်း စတာတွေကိုတော့ ယနေ့အချိန်ထိ မြင်တွေ့နေရပါတယ်။ အိမ်နဲ့ခွဲခွာပြီး တစ်နယ်တစ်ကျေးမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေအတွက် သီတင်းကျွတ်လဟာ ပိုလို့ထူးခြားပါတယ်။ သီတင်းကျွတ်လပြည့်အမှီ မိမိတို့မွေးရပ်မြေသို့ ပြန်ကြတာဟာ တကယ့်ကိုကြည်နူးပျော်ရွှင်စရာပါ။
ဧရာဝတီတိုင်းမှာတည်ရှိတဲ့ ကျွန်မတို့နယ်မြို့လေးမှာ သီတင်းကျွတ်လနဲ့ပက်သက်ပြီး ဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ "ဆွမ်းတော်ကြီးကပ်ပွဲ" ဆိုတဲ့ ဓလေ့ပါ။ ကျွန်မတို့မြို့လေးရဲ့ တစ်ဘက်ကမ်းမှာ "ရွာမကျောင်း" ဆိုတာရှိပါတယ် (ကျွန်မတို့မြို့လေးရဲ့အလယ်မှာ
ချောင်းကျယ်တစ်ချောင်းကဖြတ်သန်းစီးဆင်းပြီး မြို့ကိုနှစ်ခြမ်းခွဲထားသလိုဖြစ်နေပါတယ်)။ အဲဒီရွာမကျောင်းမှာ စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သီတင်းကျွတ်လပြည့်နေ့မနက်မှာ အာရုဏ်ဆွမ်းကပ်လှူတဲ့ဓလေ့ပဲဖြစ်ပါတယ်။ အဲဒါကို "ဆွမ်းတော်ကြီးကပ်ပွဲ" လို့ခေါ်ကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့လူတွေဟာ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ညနေမှာ မိမိတို့အိမ်ကနေ မိမိတို့ကပ်လှူမယ့်ဆွမ်း၊ သစ်သီး အစရှိသည်များကိုယူဆောင်ပြီး ရွာမကျောင်းသို့သွားရောက်ပို့ဆောင်ကြပါတယ်။ ဆွမ်းတော်လာရောက်ပို့ဆောင်သူများကိုလည်း ကောက်ညှင်းပေါင်း၊ အညာသားကျောကုန်း၊ မုန့်ဗိုင်းတောင့် စတဲ့ မြန်မာ့ရိုးရာမုန့်များကို ပြန်လည်ကျွေးမွေးပါသေးတယ်။ မှောင်စပျိုးတာနဲ့ ရွာမကျောင်းသို့သွားရာလမ်းတစ်လျှောက်မှာ ဖယောင်းတိုင်မီးများထွန်းခြင်း ၊ ရောင်စုံမီးပုံးများချိတ်ဆွဲထားခြင်းများဖြင့် လမ်းတစ်လျှောက်ကိုလည်း အလှဆင်ထားပါတယ်။ ရွာမကျောင်းသို့ဆွမ်းတော်ပို့လှူပြီးအပြန် ပွဲဈေးလည်းလျှောက်နိုင်ပါသေးတယ်။ အမျိုးမျိုးသောဈေးသည်များ၊ နယ်လှည့်မျက်လှည့်ပွဲများ၊ စတိတ်ရှိုး၊ စားသောက်ဖွယ်ရာဆိုင်တန်းများဖြင့် စည်ကားလှပါတယ်။ ဒီလို "ဆွမ်းတော်ကြီးကပ်ပွဲ" အချိန်ဟာ ကျွန်မတို့ကလေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မနက်အာရုဏ်တက်ချိန် ရွာမကျောင်းမှာ စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို အာရုဏ်ဆွမ်းကပ်လှူရင်း ၀တ်ရွတ်ပူဇော်ကြတာဟာလည်း မြင်ရကြားရသူများအဖို့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံလို့နေပါတယ်။ "ဆွမ်းတော်ကြီးကပ်ပွဲ" ကို သီတင်းကျွတ်လဆန်း (၁၄)ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့အထိ သုံးညတိုင်တိုင်ကျင်းပလေ့ရှိပါတယ်။ ဒါကတော့ ကျွန်မတို့နယ်မြို့လေးရဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ ဓလေ့တစ်ခုပဲဖြစ်ပါတယ်။ ယခင်ကလောက် မစည်ကားတော့ပေမယ့် ယနေ့အချိန်ထိကျင်းပနေဆဲပဲဖြစ်ပါတယ်။
ဒီစာကိုရေးနေရင်း ဆွမ်းတော်ဗန်းတွေကိုင်ပြီး ရွာမကျောင်းကိုသွားနေကြတဲ့လူတွေ ၊ မှောင်စပျိုးတာနဲ့ ရွာမကျောင်းသို့သွားရာလမ်းတစ်လျှောက်မှာ ထွန်းညှိထားမယ့် ဖယောင်းတိုင်မီးတွေ၊ ရောင်စုံမီးပုံးတွေကို မြင်ယောင်နေမိပါတယ်။ ကျွန်မကိုယ်တိုင် ဒီပွဲတော်ကို မဆင်နွှဲနိုင်တာဟာ ဆယ်စုနှစ်တစ်ခုတောင်ကျော်လွန်ခဲ့ပါပြီ။ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ဒီလိုနေ့ရောက်ရင် ကျွန်မရဲ့နယ်မြို့လေးကို အရမ်းလွမ်းမိပါတယ်။ ပြန်လည်း ပြန်ချင်ပါတယ်။ ရေခြားမြေခြားအဝေးမှာရောက်နေတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေလည်း ဒီလိုအချိန်ဆို အိမ်ကိုလွမ်းနေမယ်ဆိုတာ အသေအချာပါပဲ။ ဒီစာလေးဖတ်မိသူတွေအတွက် အလွမ်းပြေဖို့တော့မစွမ်းသာပေမယ့် မြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့လေးကို မြင်ယောင်ပုံဖော်ဖို့တော့ စွမ်းနိုင်လောက်ပါရဲ့ လို့ ရည်ရွယ်ရင်း ကျွန်မ မဆင်နွှဲနိုင်တာကြာပြီဖြစ်တဲ့ "ဆွမ်းတော်ကြီးကပ်ပွဲ" ကိုလည်း လွမ်းရင်းးးးး .............
"၀ါလကင်းလွတ်သီတင်းကျွတ်မှာ ရပ်နီးရပ်ဝေးမှ သူငယ်ချင်းညီအစ်ကိုမောင်နှမတွေအားလုံး ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ" လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် ။ ။

{ဒီစာရေးထားတာတော့ ၂၀၁၁ခုနှစ်ရဲ့သီတင်းကျွတ်တုန်းကပါ။ facebook ရဲ့ note မှာလည်းတင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာအသစ်လည်းမရေးဖြစ် နောက်မဖတ်ရသေးတဲ့သူတွေကိုလည်းဖတ်စေချင်တာကြောင့် blog မှာပြန်တင်ရင်း အသက်ပြန်သွင်းလိုက်တာပါ။}


မာယာဖြူ 
၂၉.၁၀.၂၀၁၂ (တနင်္လာ)
8:40 PM

Why only one heart?

at 12:04 PM 0 comments

We were given
two hands to hold,
two eyes to look,
two ears to listen,
two legs to walk,
But why only one heart?


Because the other has given to someone else to find ...


မာယာဖြူ
29.10.2012 (တနင်္လာ)
12:07 PM

Tuesday, October 23, 2012

သူ့ကိုလွမ်းတဲ့ည

at 12:14 AM 5 comments

တစ်ကိုယ်ရည်အဖော်ဝေးလို့
အတွေးမှာတောင်
စံပယ်မကြွေ ခရေလည်းမမွှေး
ရနံ့ဝေးတဲ့ ည ..
ကြားတစ်ချက်မကြားတစ်ချက်
အဝေးကဂစ်တာသံကြား
သတိရမိတာ
တစ်ခါတုန်းက
သူသီချင်းတွေဆိုပြတဲ့ ည ..
တိမ်ပ၀ါခပ်ပါးပါးခင်းလို့
လေညှင်းအသော့မှာ
ငွေကြယ်တို့ရီးလေးခို
မှောင်တစ်ချက်လင်းတစ်ချက်
တဖျပ်ဖျပ်နဲ့
ငွေလကိုအံတုနေတဲ့ ည ..
အလင်းတစ်ဝက်တစ်ပျက်ကြား
အုံးစက်ရာလည်းမပျော်
ချစ်သူရှိရာမျှော်မှန်း
ဘယ်လောက်ပဲဝေးစမ်းပါစေ
သူရှိရာသာတမ်းတ
ဒီည
သူ့ ကို လွမ်း တဲ့ ည ...

မာယာဖြူ 
၂၃.၁၀.၂၀၁၂ (အင်္ဂါ)
12:15 AM

Wednesday, September 26, 2012

အနားသတ်မဲ့

at 5:12 PM 5 comments

ဝင်သက်ထွက်သက်တိုင်း အတွေးထဲကရုပ်လွာတစ်ခုကို
မေ့နိုင်ဖို့အကြိမ်ကြိမ်အခါခါ ငါ ကြိုးစားပါတယ်
နောက်ဆုံးတော့လည်း အလွမ်းတွေပဲကျန်ရစ်တယ် ...
အလွတ်မကျက်ဘဲနဲ့  ရင်ထဲကအမှတ်တရတွေ
ဘယ်ချိန်ကများ ငါသိမ်းဆည်းမိခဲ့ပါလိမ့် ...
အထီးကျန်ညတွေကို ပုံပြင်မဟုတ်မှန်းသိရက်နဲ့ 
တစ်ခါတစ်လေတော့လည်း
စိတ်ကူးတွေနဲ့ ငါ ပျော်နေတတ်ပါပြီ ...
နှင်းစက်ကလေးတွေ ငွေ့ရည်ဖွဲ့ချိန်တုန်းက
နှစ်ယောက်အတူ လက်တွဲခဲ့ပေမဲ့
ငါတို့အချစ်ကနိမိတ်လိုတော့ မအေးချမ်းခဲ့ပါလား ...
နင်ပေးခဲ့တဲ့
သက်သေမရှိတဲ့ ကတိတွေ
လှည့်စားမှု သီအိုရီတွေ
အဲဒါတွေရဲ့အဆုံး
နောက်ဆုံးတော့
အနားသတ်မရှိတဲ့ မျှော်လင့်ခြင်းတွေပဲ
ငါ့ရင်ခွင်ကို အပ်ခဲ့တယ် ...
နာကြည်းပေမဲ့ မမုန်းတတ်တာ
ဘာကြောင့်လဲ ...
အခုတော့လည်း 
မပြောင်းလဲမယ့် မျှော်လင့်ချက်နဲ့
" ဒီအလွမ်းတွေကို တစ်နေ့တော့ သူ နားလည်လာမှာပါ " လို့ပဲ . . . .

မာယာဖြူ 
၂၆.၉.၂၀၁၂ (ဗုဒ္ဓဟူး)
5:12 PM

Monday, September 17, 2012

ထာဝရ

at 10:53 PM 4 comments

မင်း ငါ့ကို
မြင်သည်ဖြစ်စေ
မမြင်သည်ဖြစ်စေ
ငါ ဒီနေရာမှာပဲ ရှိနေပါတယ် ..
မင်း ငါ့ကို
လွမ်းသည်ဖြစ်စေ
မလွမ်းသည်ဖြစ်စေ
ငါ အမြဲတမ်း လွမ်းနေပါတယ် ..
မင်း ငါ့ကို
ချစ်သည်ဖြစ်စေ
မချစ်သည်ဖြစ်စေ
ငါ အမြဲတမ်း ချစ်နေပါတယ် ..
မပြောင်းလဲပါဘူး
မင်းကိုထွေးပွေ့ခွင့်ပေးပါ
ဒါမှမဟုတ်
မင်းကို
နှလုံးသားထဲမှာ
ထာဝရ
သိမ်း ထား ခွင့် ပြု ပါ . . .

မာယာဖြူ
၁၇.၉.၂၀၁၂ (တနင်္လာ)
1၀:55 PM

Saturday, July 14, 2012

စိတ်ညစ်လို့ရေးမိတဲ့ကဗျာ

at 3:35 PM 4 comments

အတ္တကိုရှေ့တန်းတင်
မာနကိုအရောင်ဆိုး
နှုတ်ခမ်းမှာတော့အပြုံးဆင်ပြီး
မျက်လုံးကတော့ မထီတရီနဲ့
အဆီအငေါ်မတည့်တဲ့ ဒီမျက်နှာဖုံးတွေ
မြင်ရတာရွံရှာစရာကောင်းပါရဲ့ ....
လိုတာရှိတော့ ရွှမ်းရွှမ်းဝေလို့
စကားလုံးပေါ်က သကာရည်တွေများ
ခါချဉ်ကောင်အုံလိုက်ကျမှာတောင်စိုးမိတယ် ...
တကယ်တော့
ပြေးလမ်းပေါ် ဘယ်အချိန်မှောက်လဲမလဲ လို့
စောင့်ကြည့်သူတွေကသာများပါရဲ့ ...
သြော် - လူတွေလူတွေ
လိုတမျိုး မလိုတမျိုးနဲ့
နှစ်မျိုးလောက်ပဲ လုပ်တတ်ကြပေလို့ပဲ ...
နည်းပညာတွေတိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
ကမ္ဘာဆိုတာ“ရွာ” တဲ့
ဒီကမ္ဘာ့ရွာကြီးထဲမှာ
ဘာမဆို ဒိုးယိုပေါက်မြင်နေရတာတောင်မှ
အမှန်တရားကိုမြင်ဖို့တော့ မှောင်လိုက်ကြတာ ...
အစစ်ထက်အတုတွေမှိုလိုပေါက်နေတဲ့
ခေတ်ကြီးမှာ
ကိုယ်ချင်းစာတရားဆိုတာလည်း
ပင်လယ်ထဲ ပြုတ်ကျသွားတဲ့
အပ်တစ်ချောင်းလိုပါပဲ ...
တစ်နပ်စားကျင့် တစ်နပ်စားကြံ ကြံရင်း
လိုတာရဖို့ဆို သိက္ခာတွေလည်း
ခ၀ါချလိုက်ကြတာပဲ
မျက်လုံးတွေလည်း ကြောင်တောင်ကန်းသွားကြတာပဲ ...
ဘာမဆိုလွယ်ပေမယ့်
အမှားအမှန်ခွဲဖို့ကျ ခက်နေတယ်
အဲ - မဟုတ်သေးဘူး
တကယ်က အမှန်တရားကို
တန်ဖိုးထားဖို့ မေ့လျော့ကုန်ကြတာ ...
ကဲ - လက်ကျန်မနက်ဖြန်တွေမှာဘာဆက်လုပ်မှာလဲ တဲ့
တကယ်မသိဘူးကွယ်
တွေးမိတာတစ်ခုတော့ရှိတယ်
ဒီလိုအရောင်စုံလူတွေကြားထဲ
“အမှန်တရား နဲ့ ရိုးသားခြင်း” ရဲ့အသုဘကို
ပြန်လိုက်ပို့ရမှာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးထင်တယ် ဖေဖေ ........

မာယာဖြူ
၈.၇.၂၀၁၂ (တနင်္ဂနွေ)
11:55 PM

Tuesday, July 3, 2012

အဖြူရောင်စိန်နားကပ်လေးတစ်ဖက်

at 11:18 AM 2 comments

ဒီနေ့ရာသီဥတုက နေလည်းအရမ်းမပူပဲ အုံ့အုံ့ဆိုင်းဆိုင်းလေးနဲ့ သာသာယာယာလေးဖြစ်နေပါတယ်။ မနက်ခင်းမှာ ရုံးသွားဖို့ဘက်စ်ကားမှတ်တိုင်မှာကားစောင့်ရင်း စီးနေကျကားလိုင်းက ဘက်စ်ကားရောက်လာတာမို့ ကားပေါ်အပြေးအလွှားတက်ပြီး လွတ်တဲ့ခုံလေးမှာ ၀င်ထိုင်လိုက်ပါတယ်။
ကားပေါ်ရောက်ပြီး ခဏကြာတော့ စပယ်ယာရဲ့အသံနဲ့အတူ ဟိုအသံ ဒီအသံတွေ ညံလွန်းနေတဲ့ကြားထဲ ရှေ့ထိုင်ခုံက ချာတိတ်မလေးနှစ်ယောက်ရဲ့ ခေတ်သမီးပျိုတို့ထုံးစံအတိုင်း တွတ်ထိုးသံက ဇရပ်သံလေးတွေလို တစီစီနဲ့ ကျွန်မနားထဲ ရောက်ရောက်လာတယ်။
သူတို့ပြောသမျှကြားနေရတဲ့ကျွန်မအဖို့ သူတို့ပြောတဲ့ကပေါက်တိကပေါက်ချာတွေထဲမှာ တခါတခါလိုက်ပြုံးမိလို့။ ဟိုအကြောင်းဒီအကြောင်းပြောနေကြရင်းကနေ အဲဒီကောင်မလေးနှစ်ယောက်ထဲကတစ်ယောက်က ဘေးကသူ့သူငယ်ချင်းမလေးကို
“ဟဲ့ ငါ့နားကိုကြည့်”
ဆိုပြီး သူ့ဘယ်ဘက်နားရွက်လေးကိုလက်ညှိုးလေးနဲ့ထိုးပြရင်း ပြောလိုက်ပါတယ်။ ကျွန်မကိုပြောတာမဟုတ်ပေမယ့် ကျွန်မမျက်လုံးကလည်း အလိုလိုသူမရဲ့ဘယ်ဘက်နားရွက်လေးဆီ ရောက်သွားပါတယ်။ သူမလက်ညှိုးလေးက သူမနားပေါ်က အဖြူရောင်ကျောက်တစ်လုံးနားကပ်သေးသေးလေး ဆီညွှန်ပြလို့။ အဲဒီနားကပ်ကလေးကို သူမဘယ်ဘက်နားရွက်မှာရှိတဲ့ နားပေါက်နှစ်ပေါက်ထဲက အပေါ်ပေါက်ကလေးမှာ ၀တ်ဆင်ထားပါတယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ အဲဒီကောင်မလေးပြောလိုက်တာက
“သူလက်ဆောင်ပေးထားတာလေ” တဲ့
~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~
လေနုအေးလေးတွေတိုက်ခတ်နေတဲ့ ကြည်ကြည်လင်လင်ညနေခင်းလေး ...
ကန်ရေပြင်ဘေးကမြတ်ခင်းပေါ်မှာ ချစ်သူကောင်မလေးက ချစ်သူကောင်လေးရဲ့ပုခုံးလေးပေါ် ခေါင်းလေးမှီရင်းထိုင်နေကြတဲ့ စုံတွဲလေးတစ်တွဲ
“မောင်”
“ပြောလေ သဲ”
“မောင့်ကိုခွင့်တောင်းစရာရှိလို့”
“ကဲ-ပြော ဘာတွေခွင့်တောင်းမလို့တုန်း”
ဆိုတဲ့ကောင်လေးရဲ့ရယ်သံတစ်ဝက်စွက်တဲ့မေးသံအဆုံးမှာ
“ဟိုလေ သိပ်တော့အရေးမကြီးပါဘူးမောင်ရယ်.. သဲ နားပေါက်ဖောက်ချင်လို့ပါ“
“ဟင် သဲကလည်း သဲမှာနားပေါက်မရှိလို့လား ပြပါအုံး မောင်တွေ့မိပါတယ်”
“အာ - မောင်ကလည်းးးးး အဲဒါကိုပြောတာမဟုတ်ဘူးလေ.. ဘယ်ဘက်နားပေါက်ရဲ့အပေါ်နားမှာ နောက်တစ်ပေါက်ထပ်ဖောက်ချင်တာ... အဲလိုဖောက်ပြီးရင် အဖြူရောင်ကျောက်တစ်လုံးနားကပ်သေးသေးလေး ၀တ်ချင်လို့”
“သြော် မသိဘူးလေ သဲရယ် .. သဲကအဲလိုဝတ်ရတာ သဘောကျလို့လား”
“အင်း အရမ်းသဘောကျတယ်.. ဟိုအရင်ကတည်းက အဲလိုဝတ်ချင်ခဲ့တာ”
“နားလည်၏.. မောင်လည်းအရင်က အဲဒါမျိုးတွေကို crazy ဖြစ်ခဲ့ဖူးပါတယ်”
“ဟုတ် နားကပ်လုပ်ဖို့ပိုက်ဆံလည်းစုထားတယ်.. အခုပြည့်ဖို့သိပ်မလိုတော့ဘူးလေ.. အဲဒါမောင့်ကိုကြိုပြောပြထားတာ”
“အင်းး.. ဒါဆို ဒီလိုလုပ်.. သဲအရမ်းဝတ်ချင်တဲ့အဲဒီနားကပ်လေးကိုဝတ်.. ဒါပေမယ့် အခုတော့မ၀တ်နဲ့အုံး.. အဲဒီနားကပ်လေးကို မောင်လက်ဆောင်ပေးမယ်.. သဲစုထားတဲ့ပိုက်ဆံကို လိုတဲ့အခါသုံးဖို့ထားလိုက်တော့.. အဲဒီနားကပ်လေးကို အဖြူရောင်ရိုးရိုးကျောက်နဲ့မဟုတ်ပဲ စိန်ပွင့်လေးနဲ့လုပ်ပေးမယ်.. လောလောဆယ် မောင့်မှာပိုက်ဆံလုံလုံလောက်လောက်မရှိသေးလို့ စုလိုက်အုံးမယ်ကွာ.. အဲဒီအတွက် သဲကလည်းခဏစောင့်ပေး”
“အာ- မောင်ကလည်း သဲမှာရှိပါတယ်”
“သဲမှာရှိတာမောင်သိတယ်လေ.. ဒါပေမယ့် သဲနှစ်သက်တဲ့နားကပ်လေးကို မောင်ကလက်ဆောင်ပေးတယ်.. သဲက မောင်လက်ဆောင်ပေးတဲ့နားကပ်လေးကို အမြဲတမ်းဝတ်ထားမယ်.. အမှတ်တရပေါ့သဲရယ် .. ငြင်းမနေပါနဲ့တော့.. ဟုတ်ပြီနော် မောင့်အရူးမလေး”
စကားအဆုံးမှာချစ်သူ့မျက်နှာကိုကြည့်ပြီး ချစ်စဖွယ်အပြုံးလေးနဲ့ခေါင်းငြိမ့်လိုက်တဲ့ ကောင်မလေးးးးး
~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~
“ကျွီ”
ဘရိတ်နင်းသံနဲ့အတူ ကျွန်မဟန်ချက်ပျက်သွားပါတယ်။
ရှေ့ခုံကိုကြည့်လိုက်တော့ ခုနချာတိတ်မလေးနှစ်ယောက်တောင် မရှိတော့ဘူး။ အခုရပ်ထားတာက မီးပွိုင့်တစ်ခုမှာ။
ဘယ်နားကမီးပွိုင့်ပါလိမ့်?
“ ................... မှတ်တိုင်ပါတယ် ဆရာရေ့”
ဆိုပြီး အော်လိုက်တဲ့စပယ်ယာရဲ့အသံအဆုံးမှာ ကျွန်မအလန့်တကြားနဲ့ဘေးဘီကြည့်လိုက်တော့... အောင်မလေး စိုင်းစိုင်းသီချင်းလိုပဲ သေပြီဆရာ ကျွန်မဆင်းရမယ့်မှတ်တိုင်တောင် ကျော်လာပါပေါ့လား။ အတွေးရေယာဉ်ကြောမှာမျောမိတဲ့ကျွန်မ ကမန်းကတန်းထိုင်ခုံကထရင်း ရပ်တဲ့မှတ်တိုင်မှာဆင်းလိုက်ပါတယ်။ စောစောစီးစီး တစ်မှတ်တိုင်စာကျော်ကျော် နောက်ပြန်လျှောက်ရတော့မှာပါလားတွေးရင်း လက်ကနာရီကိုကြည့်ပြီး ရုံးချိန်မှီအောင်သုတ်ခြေတင်ရပါတော့တယ်...
လမ်းလျှောက်နေရင်းကနေ ကျွန်မရဲ့ဘယ်ဘက်လက်က ကျွန်မရဲ့ဘယ်ဘက်နားရွက်လေးပေါ်မှာ ဘယ်တုန်းကမှမပန်ဆင်ဖြစ်ခဲ့တဲ့ “အဖြူရောင်စိန်နားကပ်လေးတစ်ဖက်” ဆီသို့ ..................

“ချစ်သူတွေကြားမှာ ကတိ တွေမလိုပါဘူးလေ အဲဒီအစား ပြောခဲ့တဲ့စကားတွေကို တန်ဖိုးထားအမှတ်ရနေဖို့ပဲလိုပါတယ် မောင်”


မာယာဖြူ
3.7.2012 (အင်္ဂါ)
01:25 AM

Friday, June 29, 2012

တစ်မြေတစ်ရွာ

at 11:17 AM 3 comments

တစ်မြေတစ်ရွာ အနေကွာလည်း
တွယ်တာမှုပေါင်း အချစ်ချောင်းမှာ
မပြောင်းလဲပေ စီးရစ်နေ၍
မေတ္တာစမ်းရေ အေးမြသည်မို့
ရနံ့မွှေးအောင် ထပ်လောင်းပေါင်းကာ
ဒီစမ်းရေထဲ
သစ္စာပန်းတွေ မျှောလိုက်မယ်

မာယာဖြူ
29.6.2012 (သောကြာ)
11:25 AM

Thursday, June 21, 2012

HOPE

at 4:17 PM 6 comments
ပြောနေကျစကားတွေထက်လည်း ပိုပြီးမပြောတတ်တော့ပါဘူး.. ခဏခဏလည်း မပြောချင်ဘူး..
ကိုယ့်ရင်ထဲကဒဏ်ရာတွေကို ဘယ်လိုစကားလုံးမျိုးနဲ့ပြောပြရမလဲဆိုတာလည်း မသိတော့ဘူး..
ကိုယ်ပြောတဲ့စကားတွေထက် ကိုယ့်ရင်ထဲကဒဏ်ရာက အဆပေါင်းများစွာ ပိုပြီးနက်နဲတယ်ဆိုတာ
မင်းကလည်း ဘယ်တော့မှသိမှာမဟုတ်ဘူး... ကိုယ်ကိုယ်တိုင်လည်း အပြောတစ်မျိုး အလုပ်တစ်မျိုး အမြဲလုပ်တတ်တဲ့မင်းစိတ်ကို မမှန်းဆနိုင်ခဲ့ပါဘူး ...
နောက်ဆုံးတော့ ကိုယ့်ဘက်ကအလိုက်သိပေးခဲ့သလို မင်းဘက်ကလည်းအလိုက်သိပေးဖို့
တိတ်တိတ်လေးပဲမျှော်လင့်ထားတဲ့ ကိုယ်က ညံ့ခဲ့တာပဲဖြစ်မှာပါ ...
နောက်ဆုံးတော့ မင်းဆိုတာ ကိုယ်မဟုတ်ဘူး ဆိုတာ လက်ခံသင့်တာက ကိုယ်ပဲဖြစ်မှာပါ ...

မာယာဖြူ
21.6.2012 (တနင်္လာ)
1:00 PM

Monday, May 7, 2012

ရော်ရွက်ဝါ

at 1:06 PM 5 comments

လေနှင်ရာတလွင့်လွင့်ပါလို့
ငြိမ်းအေးမှုရယ်မရှိ
ဘယ်ဆီမှာခိုဝင်ရာလည်းမသိ
တံလျှပ်တွေကြား
အရိပ်အရောင် အကောင်ထင်ကာ
လွင့်ကျရာအရပ်မှာ
ေ၀၀ါးလို့ အပျော်ရှာဆဲ
ဘ၀လည်းမေ့ရှာတဲ့

 
သြော် - ရော်ရွက်ဝါလေး နင်


မာယာဖြူ
7.5.2012 (တနင်္လာ)
1:03 PM

Monday, April 16, 2012

(၁၃၇၃-၇၄) မြန်မာ့နှစ်ကူးဆုတောင်း

at 2:54 PM 1 comments
မြန်မာ့ရိုးရာအတာသင်္ကြန်နှစ်ကူးမှာ ရေသဘင်ပွဲဆင်နွှဲရင်း အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။


မာယာဖြူ
ခရစ်နှစ် - ဧပရယ် ၁၂၊ ၂၀၁၂
မြန်မာသက္ကရာဇ် - တန်ခူးလဆုတ် ၆ရက်၊ ၁၃၇၃
(ကြာသပတေး)
သင်္ကြန်အကြိုနေ့

Sunday, April 8, 2012

ပိတောက်တွေပွင့်နေပြီ မောင်

at 10:20 PM 1 comments
မနေ့ကရွာသွန်းထားတဲ့မိုးကြောင့် စိုစွတ်စွတ်မနက်ခင်းလေပြေနဲ့အတူ သင်းပျံ့ပျံ့ပန်းရနံ့တစ်ခုကို သတိပြုမိလိုက်လေရဲ့။ အိမ်နဲ့မလှမ်းမကမ်းကပိတောက်ပင်ကြီးကို လှမ်းကြည့်လိုက်တော့ တစ်ပင်လုံး ပိတောက်ပန်းတွေနဲ့ကြွားဝင့်လို့ပါလား။ လမ်းပေါ်ကအမျိုးသမီးတစ်ချို့ရဲ့ဆံကေသာမှာလည်း ပိတောက်တွေနဲ့ ဝေလို့။
မျက်လုံးအစုံမှိတ်လို့ ပိတောက်ရနံ့ကိုအားပါးတရရှုရှိုက်ရင်း နှုတ်ခမ်းကအပြုံးနဲ့အတူ နှလုံးသားနေရာမှာတော့ ........

ပိတောက်ဆိုတာ နှစ်ဟောင်းတစ်ခုကုန်လွန်ခါနီး နှစ်သစ်ကိုကြိုဆိုဖို့အတွက်အမှီပွင့်တဲ့ပန်းပါ။ တနည်းဆိုရင် ပိတောက်ကိုမြင်တာနဲ့ မြန်မာသက္ကရာဇ်တစ်ခုကုန်လွန်တော့မယ်လို့ အသိပေးနေသလိုပါပဲ။ အခုလည်း ပိတောက်တွေပွင့်လာပြီလေ။ လူကြီး လူလတ် လူငယ် အရွယ်စုံတွေလည်း နှစ်သစ်ကိုကြိုဆိုရင်း၊ အတာသင်္ကြန်ရေသဘင်ပွဲ ဆင်နွှဲဖို့ပြင်ဆင်ရင်း သက်ဝင်လှုပ်ရှားနေကြချိန်ပေါ့။ ကျွန်မနှလုံးသားထဲက အမှတ်တရတစ်ခုကလည်း ပိတောက်တွေပွင့်ပြီဆို ပိုလို့သက်ဝင်လှုပ်ရှားလာတတ်ပါတယ်။
ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာရင်း ဘာတွေဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ ကျွန်မဘ၀ထဲက ဘယ်တော့မှမေ့ပျောက်မသွားတဲ့ အဲဒီအမှတ်တရဟာ ကျွန်မရဲ့ရှင်သန်မှုတိုင်းမှာ ကပ်ငြိပါနေလေရဲ့။
ကျွန်မဟာ သဘောထားကြီးတဲ့သူတစ်ယောက်မဟုတ်သလို လူတစ်ယောက်ရဲ့ဘ၀ကို ကျွန်မမျှော်လင့်ချက် တစ်ခုနဲ့ အတင်းချည်နှောင်ထားဖို့လည်းစိတ်ကူးမရှိတဲ့သူပါ။ ဘယ်အရာမဆို ကာယကံရှင်ရဲ့ဆန္ဒအရ ဖြစ်လာတာသာ အကောင်းဆုံးပဲမို့လား။ တန်ဖိုးထားကြတာခြင်းမတူ၊ ရပ်တည်မှုတွေမတူ၊ စာနာခံစားတတ် ခြင်းတွေမတူ၊ အပြောင်းအလဲတွေကိုလက်ခံနိုင်ပုံခြင်းတွေမတူ၊ တွေးခေါ်ပုံတွေမတူကြတဲ့လူနှစ်ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်းနဲ့ဝေးကွာခဲ့ကြတာ သိပ်အဆန်းကြီးတော့ဟုတ်မယ်မထင်ပါဘူး။ အသွင်မတူတဲ့ လူနှစ်ယောက်ပေါင်းစည်းဖို့အတွက် အခြေခံကျတဲ့နားလည်မှုလေးတောင်မှ ချို့တဲ့နေတဲ့အနေအထားမှာ တစ်ဘ၀လုံးလက်တွဲဖို့ လွဲချော်ခဲ့မှုအတွက် ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်ဆိုတာ ကျွန်မဘယ်တော့မှ အဖြေမထုတ်ခဲ့တဲ့ မေးခွန်းတစ်ခုပါ။ အိပ်မက်တွေကိုဖက်တွယ်နေရင် လက်ရှိဘ၀ကိုမေ့သွားတတ်တယ်/ ရွေးချယ်မှုတွေလွဲချော်တတ်တယ် ဆိုတာသိနေပေမယ့် သူ့အနားမှာနေရင်း မရေရာတဲ့အိပ်မက်တွေကို ဖက်တွယ်ပြီး ကာလရှည်ကြာ ကျွန်မရှင်သန်ခဲ့ဖူးပါတယ်။ ချစ်သူတွေကြားက သံယောဇဉ်ဆိုတာ နှလုံးသားချင်း ချည်နှောင်ကြတဲ့အရာပါ။ အဲဒါမရှိရင် ဘယ်လိုပက်သက်မှုပဲဖြစ်နေပါစေ မွန်းကြပ်မှုတွေနဲ့ပဲ ရင်ဆိုင်နေရမှာပဲ။ သံယောဇဉ်ကြိုးကို မချည်နှောင်နိုင်ရင် အချစ် ဆိုတာလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားမှာပဲ မဟုတ်ပါလား။ ကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတတ်တဲ့ ကျွန်မအကျင့်၊ ကိုယ့်ရွေးချယ်မှုကိုအဆုံးထိတာဝန်ယူချင်တဲ့ ကျွန်မစိတ်တို့ကြောင့် ကျွန်မတို့နှစ်ယောက်ရဲ့နေ့ရက်တွေ ရှည်ကြာခဲ့ပေမယ့် လူနှစ်ယောက်ရဲ့အင်အားကို လက်တစ်ဖက်ထဲက ဘယ်လောက်များကြာကြာ မြဲမြံအောင်ဆုပ်ကိုင်ထားနိုင်မှာတဲ့လဲ။ ယုံကြည်မှုတွေဖောက်ဖျက်ခံနေရတာကို မသိကျိုးကျွန်ပြုပေးနေရင်းက တဖြည်းဖြည်းအံချော်မှုတွေများလာတဲ့အခါမှာတော့
ပိတောက်တွေပွင့်တဲ့ဂိမာန်နွေဟာ ကျွန်မနဲ့သူ့ရဲ့လမ်းခွဲတစ်ခုကို ထင်ထင်ရှားရှား မြင်သာစေခဲ့တဲ့အချိန် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။ ချစ်လို့ချစ်ခဲ့တဲ့အတွက် လူတစ်ယောက်ရဲ့ ကောင်းခြင်း/ဆိုးခြင်း၊ နီးခြင်း/ဝေးခြင်း၊ အတူရှိခြင်း/မရှိခြင်း တွေဆိုတဲ့အကြောင်းပြချက်တွေ မလိုအပ်ပါဘူး ဆိုတဲ့ကျွန်မရဲ့ ဒီလမ်းခွဲမှတ်တိုင်ဟာ လူတစ်ချို့အတွက်တော့ လှောင်ရယ်စရာ ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ ဖြစ်လည်းဖြစ်ခဲ့မှာပါပဲ။ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာတွေပဲဖြစ်ခဲ့ပါစေ ဘယ်လိုပဲဝေးကွာခဲ့ပါစေ သူဘယ်နေရာမှာပဲရှိနေပါစေ သူနဲ့ပက်သက်တဲ့အမှတ်တရတွေက ကျွန်မအနားမှာ အမြဲတမ်းရှင်သန်နေရင်း ပိတောက်တွေပွင့်တာကိုလည်း ကျွန်မတစ်ယောက်တည်း အကြိမ်ပေါင်းများစွာ ငေးကြည့်ခဲ့ဖူးပါပြီ။ ဒီနေ့လည်း ပိတောက်တွေပွင့်နေပြန်ပြီလေ။
အခုအချိန်မှာတော့
တနေ့နေ့ ဆိုတဲ့မျှော်လင့်ချက်ကို နှလုံးသားရဲ့ထောင့်တစ်နေရာမှာပဲ သိမ်းဆည်းထားရင်း

ဖြေမဆည်နိုင် ဒီရင်ကအလွမ်းကို
တယုတယသိမ်းဆည်းလို့
ရာသီတွေအလီလီပြောင်း
တစ်နှစ်တစ်ခေါက်အလည်ရောက်တဲ့
ဧည့်သည်ကိုငေးလို့
အဝေးကနေပဲလွမ်းရင်း
ဒီနေ့လည်း
“ပိတောက်တွေပွင့်နေပြီ မောင်”


မာယာဖြူ
၉.၄.၂၀၁၂ {တနင်္လာ}
12:10 PM

Friday, March 23, 2012

တန်ဖိုး

at 11:43 AM 3 comments

တကယ်တော့ "တန်ဖိုး" ဆိုတာ မြတ်နိုးသူရဲ့လက်ထဲမှာ

မာယာဖြူ
၂၃.၃.၂၀၁၂ {သောကြာ}
11:45 AM

Friday, March 16, 2012

အလွမ်းမဲ့လွမ်းခြင်း

at 12:35 PM 2 comments
အကိုင်းအခက်တွေပေါ်က
လွင့်ကြွေရှာတဲ့
သစ်ရွက်ခြောက်တွေမြင်တိုင်း
ငါ မလွမ်းချင်ပါဘူး ....

နွေလယ်ပူမှာ
တကိုယ်တည်းအထီးကျန်သူ ”ဥသြ” ရဲ့
တွန်သံသဲ့သဲ့ကြားရင်လည်း
ငါ မလွမ်းချင်ပါဘူး....

ဘာပဲဖြစ်ဖြစ် ငါ မလွမ်းချင်ဘူးလေ ...

ယုံကြည်မျှော်လင့်ခြင်းတွေကလည်း
တခါတရံ တိမ်တွေလိုပဲ
အစိုင်အခဲလိုလိုနဲ့
တခဏလေးမှာ ပြိုကွဲသွားတတ်လို့
ငါ မလွမ်းချင်ပြန်ပါဘူး ....

ဒီလိုနဲ့
ကိုယ်တိုင် မမှန်းဆနိုင်တဲ့
မနက်ဖြန်တွေဆီ
ခံစားချက် လက်ကျန်
အကြွင်းအကျန်အမှတ်တရတွေနဲ့
ခရီးဆက်နေရအုံးမှာပါပဲ ။ ။


မာယာဖြူ
၁၆.၃.၂၀၁၂ {သောကြာ}
10:55 PM

Friday, March 9, 2012

မာယာမိုး

at 11:04 AM 3 comments
ပြိုမယောင်
ဟိုတောင်က မိုး
လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီ တိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူ ပူသရွေ့ကိုကွယ်
သူမေ့မှာစိုး ။ ။

မောင်စိန်ဝင်း {ပုတီးကုန်း}

Tuesday, February 21, 2012

Forgive & Forget

at 1:10 PM 2 comments
တစ်နေ့ ကျွန်မဆရာနဲ့ကျွန်မ အလုပ်ကိစ္စတစ်ခုတိုင်ပင်ရင်း ဟိုအကြောင်းဒီအကြောင်းနဲ့ ဆရာတပည့်နှစ်ယောက် စကားလက်ဆုံကျဖြစ်ခဲ့ကြတယ်။
စကားပြောကြရင်းနဲ့ ဆရာက ကျွန်မကိုမေးခွန်းတစ်ခုမေးလာပါတယ်။
ဆရာ။ ။ Forgive နဲ့ Forget မှာ ဘယ်ဟာက ပိုအရေးကြီးလဲ။
ကျွန်မ။ ။ Forgive (ခွင့်လွှတ်ခြင်း) ပါ ဆရာ။
ဆရာ။ ။ ဘာကြောင့်လဲ။
ကျွန်မ။ ။ လူတစ်ယောက်က ကိုယ့်အပေါ်အမှားတစ်ခု/ အပြစ်တစ်ခု ၊
ကိုယ့်ကိုထိခိုက်စေတဲ့လုပ်ရပ်တစ်ခုကိုလုပ်ခဲ့မယ်။ အဲဒါကိုကိုယ်ကိုယ်တိုင်ပြန်သိရတဲ့အချိန်မှာပဲဖြစ်ဖြစ်/
ကျူးလွန်သူကိုယ်တိုင်ဝန်ခံလို့သိရတာပဲဖြစ်ဖြစ် အဲ့ဒီလူအပေါ်ခွင့်မလွှတ်နိုင်ဘူးဆိုရင်
သူနဲ့ကိုယ့်ဆက်ဆံရေးက ရှေ့ဆက်ဖို့အတွက် ခက်ခဲသွားမယ်လို့ထင်ပါတယ် ဆရာ။
ဆရာ။ ။ ဟုတ်ပြီ ဒါဆို မင်းသူ့အမှား သူ့လုပ်ရပ်ကိုရော မေ့ပစ်နိုင်မှာလား။
ကျွန်မ ။ ။ ဟင့်အင်း ဆရာ။ အဲဒါကိုတော့ လွယ်လွယ်နဲ့မေ့နိုင်မှာမဟုတ်ဘူး။
ဆရာ။ ။ အဲဒီလို မင်းကိုထိခိုက်အောင်လုပ်ခဲ့တာကိုပဲဖြစ်ဖြစ် သူ့အမှားတစ်ခုခုကိုပဲဖြစ်ဖြစ်
မင်းအနေနဲ့ မမေ့နိုင်ပဲ သူနဲ့ပြောဆိုဆက်ဆံတဲ့အခါ မင်းစိတ်မှာ အရင်လို သူ့အပေါ်စိတ်ရှင်းရဲ့လား။
တခါတရံ သူ့လုပ်ရပ်မျိုးနဲ့ဆင်တူတဲ့ဖြစ်ရပ်မျိုး မင်းရှေ့မှာဖြစ်ပျက်တာကို မြင်တွေ့ရတဲ့အခါပဲဖြစ်ဖြစ်
သူ့အမှားကို ပြန်တွေးမိတဲ့အခါပဲဖြစ်ဖြစ် မင်းစိတ်မှာနာကျင်မှုက တစ်ဖန်တလဲလဲဖြစ်လာမယ်။
သူ့ကိုဖွင့်မပြောဖြစ်ပေမယ့် လုပ်ရက်လေခြင်း ဆိုတဲ့ ခံပြင်းစိတ်အခံလေးက မင်းမှာရှိနေမှာပဲ။
မင်းနဲ့သူပြောဆိုဆက်ဆံတဲ့အခါ အဲဒီစိတ်အခံကြောင့် မင်းစိတ်က သူနဲ့ပက်သက်လာရင် ထိလွယ် ရှလွယ်
ပေါက်ကွဲလွယ်လာမယ်။ သံသယစိတ်လေးရှိနေမယ်။ အဲလိုဆို မင်းနဲ့သူ ဆက်ဆံရေးက အဆင်ပြေတယ်
ဆိုနိုင်မလား။ ဒါဆို ရှေ့ဆက်နိုင်ဖို့အတွက် မင်းသူ့ကိုခွင့်လွှတ်တယ် ဆိုတာ ဘာကိုခွင့်လွှတ်တာလဲ။
ဘယ်လိုမျိုးခွင့်လွှတ်တာလဲ။
ကျွန်မ။ ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆရာ။ ။ တကယ်တော့ Forgive နဲ့ Forget မှာ လူတွေကြားမှာ အမှန်တကယ်လိုအပ်နေတာက Forget
ပါ။ လူတစ်ယောက်ရဲ့အမှားကို မေ့မပစ်နိုင်ပဲနဲ့ မင်းသူ့ကိုဘယ်လိုမှခွင့်လွှတ်လို့မရပါဘူး။
ပါးစပ်ကဘယ်လောက်ပဲခွင့်လွှတ်ပါတယ်ပြောပြော သူ့အမှား/ သူ့လုပ်ရပ်ကို မမေ့နိုင်သေးသရွေ့
မင်းစိတ်မှာသူနဲ့ပက်သက်တဲ့ နာကျင်မှုတွေက ရှိနေမှာပဲ။ တွေးကြည့်စမ်းပါ။ တန်သလား လို့။
မင်းအမှားမဟုတ်ဘူးလေ။ သူ့အမှား။ ဒါပေမယ့် နာကျင်ခံစားနေရတာက ဘယ်သူလဲ။ မင်းကိုယ်တိုင်ပဲ။
မင်းကိုယ်တိုင်မကျူးလွန်ခဲ့တဲ့အမှားတစ်ခုအတွက် မင်းကခံစားနေရတယ်။
ကဲ-ထပ်မေးကြည့်မယ်။ မင်းကိုလူတစ်ယောက်က ပစ္စည်းတစ်ခုကိုလာပေးမယ်။ မင်းလက်ခံမယူပဲနဲ့
အဲဒီပစ္စည်းက မင်းလက်ထဲကို ရောက်လာမလား။
ကျွန်မ။ ။ ရောက်မလာနိုင်ပါဘူး ဆရာ။
ဆရာ။ ။ ဒါဆို သူတစ်ပါးရဲ့အမှားကြောင့် ကိုယ်ခံစားနေရတဲ့ နာကျင်မှု.. သူကအဲဒါကိုပေးတယ်
မင်းကလက်ခံယူခဲ့တယ်။ အဲဒီတော့ မင်းခံစားရတယ်။ ဘ၀မှာ တစ်ချို့အရာတွေက လက်သင့်မခံပဲ
လျစ်လျူရှု့သင့်ရင် လျစ်လျူရှု့နိုင်ရတယ်။ တချို့အရာတွေက ကိုယ်လက်ခံယူလေ ကိုယ်နာကျင်ရလေပဲ။
အဲဒါဆို ငါတို့ကဘာလို့လက်ခံနေတော့မလဲ။ တစ်ချို့အရာတွေကို လက်လွှတ်သင့်တဲ့အချိန်မှာ
လက်လွှတ်နိုင်ရတယ်။ အဲလိုမှမဟုတ်ရင် မင်းရမယ့်စိတ်ဒဏ်ရာတွေက ရင်နဲ့တောင်ဆံ့မှာမဟုတ်ဘူး။
တစ်သက်လုံး မင်းခံစားလို့လည်းဆုံးမှာမဟုတ်တော့ဘူး။ မင်းဆက်လျှောက်ရအုံးမယ့်ဘ၀ခရီးလမ်းက
ငါတို့ထက် အများကြီးရှည်ကြာအုံးမယ်။ လောကဒဏ်ပေါင်းစုံ ၊ လူပေါင်းစုံနဲ့ တွေ့ကြုံရအုံးမယ်။ လွန်ခဲ့တဲ့
(၁၀)နှစ်လောက်တုန်းက ငါကိုယ်တိုင်လည်း မင်းလိုပဲ Forgive (ခွင့်လွှတ်ခြင်း) က အရေးကြီးဆုံး
လို့သတ်မှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် မမေ့နိုင်လို့ ရလာတဲ့စိတ်ဒဏ်ရာတွေကို ခွင့်လွှတ်ခြင်း က
မသက်သာစေခဲ့ဘူး။ မမေ့နိုင်ပဲနဲ့ ခွင့်လွှတ်တယ် ဆိုတာ တကယ်တော့ ကိုယ့်စိတ်ကိုလိမ်နေတာပါ။
မမေ့နိုင်ရင် မင်းဘယ်ခွင့်လွှတ်နိုင်ပါ့မလဲ။ ဒါကြောင့် အတတ်နိုင်ဆုံး မေ့နိုင်အောင်ပဲ ကြိုးစားပါ။ မေ့ပစ်ဖို့ က
ခွင့်လွှတ်တာထက်ပိုခက်ခဲပေမယ့် သူတစ်ပါးရဲ့အမှားတွေကို အတတ်နိုင်ဆုံး မေ့နိုင်လာတဲ့အခါ မင်းစိတ်က
ပိုပိုပြီးအေးချမ်းလာမှာပါ။ အဲဒါဆို ကြိုးစားခွင့်လွှတ်ဖို့လည်း မလိုတော့ဘူး။ မေ့လိုက်နိုင်တာနဲ့တပြိုင်နက်
ခွင့်လွှတ်ခြင်း ကအတူပါပြီးနေပါပြီ။
ကျွန်မ။ ။ ဟုတ်ကဲ့ပါ ဆရာ။ တစ်ခုတော့ သမီးမေးချင်သေးတယ်။ ဆရာပြောသလို တစ်ဖက်လူရဲ့အမှားကို
ကိုယ့်ဘက်က ကြိုးစားပြီး မေ့ပစ်ပေးခဲ့မယ်။ ခွင့်လွှတ်ပေးခဲ့မယ်။ ဒါပေမယ့် အဲဒီလူက နောက်တစ်ကြိမ်
ထပ်ပြီးကျူးလွန်တဲ့အခါကျရင်ရော။ အကြိမ်တိုင်းကို မေ့ပစ်ဖို့ကတော့ လွယ်မယ်မထင်ဘူးဆရာ။
ရှင်းအောင်ပြောရရင် တစ်ဖက်လူက လုပ်ချင်တာလုပ်ပြီး တောင်းပန်လိုက်တိုင်း
ကိုယ့်ဘက်ကအလျော့ပေးနေရင် ကိုယ့်တန်ဖိုးက သိပ်ပြီးပေါသွားမလား။ ငါဘာပဲလုပ်လုပ် နောက်မှ
မှားသွားပါတယ် လို့ တောင်းပန်လိုက်ရင် ပြီးသွားတာပါပဲ ဆိုတဲ့ စိတ်တစ်ခု တစ်ဖက်လူမှာ ၀င်သွားရင်
ကိုယ်ကသူ့အတွက် ဘယ်လိုအနေအထားမျိုးမှာ ရောက်သွားမလဲ။ ဘယ်လိုရှေ့ဆက်ကြမလဲ။
ဆရာ။ ။ အဲဒီမေးခွန်းအတွက် စကားတစ်ခွန်းလက်ဆောင်ပေးလိုက်မယ် သမီး
“ မကောင်းဘူးလား ကင်းအောင်နေ ” တဲ့
အဲလိုလူမျိုးနဲ့ ကြုံလာရပြီဆိုရင် / သူ
လုံးဝမကောင်းဘူးဆိုတာ သေချာသွားပြီဆိုရင် အဲဒီစကားကို သမီးအမှတ်ရလိုက်ပါ။ ကျန်တာတော့ သမီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်သွားပြီပေါ့ ။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဒီနေ့က ကျွန်မအတွက် တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ဆရာ့ဆီကနေရခဲ့ပါတယ်။
ကျွန်မကိုယ်တိုင် လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာကလည်း အဲဒီ မေ့ပစ်ဖို့ နဲ့ ခွင့်လွှတ်ခြင်း ရဲ့ ပြဿနာပါပဲ။
တိုက်ဆိုင်စွာနဲ့ ဆရာရဲ့ဆုံးမစကားတွေက ကျွန်မစိတ်ကို အနည်းငယ်တော့ ဖြေလျော့သက်သာစေခဲ့ပါတယ်။
ပုထုဇဉ်လူသားတွေမို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေနဲ့ မကင်းနိုင်သေးတဲ့အခါ မေ့ပစ်ဖို့ က
ခွင့်လွှတ်ခြင်း ထက်ပိုပြီးခက်ခဲနေကြပါတယ်။
သူများပေးတဲ့နာကျင်မှုကို ကိုယ်လက်ခံမယူရင် မရဘူးဆိုပေမယ့် ကိုယ့်ကိုထိခိုက်စေခဲ့တဲ့အရာတစ်ခုအတွက်
ထိခိုက်ခံစားကြရမယ်ဆိုတာလည်း မလွဲမသွေပါပဲ။
ကျွန်မကိုယ်တိုင်လည်း အခုချက်ချင်းမဖြစ်နိုင်ပေမယ့် နောင် (၁၀)နှစ်ကြာတဲ့အချိန်မှာ ဆရာ့လိုပဲ မေ့ပစ်ဖို့ က
ခွင့်လွှတ်ခြင်း ထက် ပိုအရေးကြီးတယ် ဆိုတာကို ကိုယ်တိုင်လက်သင့်ခံပြီး နောက်လူတွေကို ပြန်ပြီး sharing
လုပ်နေနိုင်မလား ဆိုတာကတော့ .........................................


မာယာဖြူ
၂၀.၂.၂၀၁၂ {တနင်္လာ}
11:30 PM

Thursday, February 9, 2012

H@PpY @NnIv3r$@Ry

at 10:25 PM 0 comments

ကုန်လွန်သွားတဲ့နေ့တစ်နေ့ကို နောင်ဘယ်တော့မှ အစားပြန်မရနိုင်တော့သလို ဒီနေ့ရဲ့ပျက်ကွက်မှုတစုံတရာအတွက် မနက်ဖြန်မှာ နောင်တရနေမယ့်သူတွေထဲမှာ ကျွန်မ ပါမနေချင်ပါဘူး။
ဒီနေ့မှာလုပ်ဖို့စီစဉ်ထားတဲ့အလုပ် / လုပ်ရမယ့်အလုပ်ကို ဒီနေ့မှာပဲ လုပ်လိုက်တာဟာ မနက်ဖြန်မှာ စိတ်ရှင်းရှင်းနဲ့နေနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။
သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
သူ အမှတ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ
သူ ချစ်သည်ဖြစ်စေ မချစ်တော့သည်ဖြစ်စေ
သူ အလေးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ
သူ့နှလုံးသားထဲမှာ ကျွန်မရှိနေသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ
ကျွန်မအတွက်တော့ ဒီနေ့မှာကျရောက်တဲ့ နှစ်ပတ်လည်နေ့ဟာ နှစ်ပတ်လည်နေ့ ပါပဲ ...
ကျွန်မတစ်ယောက်တည်းအမှတ်ရနေလည်းပဲ ဒီနေ့ဟာ ကျွန်မတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်နေ့ ပါပဲ ...
အဲဒါကြောင့် မနက်ဖြန်မရောက်ခင်လေးမှာ အမှတ်တရခြေရာလေးတစ်ခုကို ဒီနေရာမှာ မှတ်သားထားခဲ့လိုက်ပါတယ် . . .


မာယာဖြူ
၉.၂.၂၀၁၂ {ကြာသပတေး}
10:52 PM

Thursday, January 26, 2012

မြစ်တစ်စင်းရဲ့မွေးဖွားရာ

at 4:37 PM 0 comments

ညင်ညင်သာသာစီးဆင်းနေတဲ့မြစ်တစ်စင်းပဲဖြစ်ဖြစ် မာန်ဟုန်ပြင်းပြင်းနဲ့စီးဆင်းနေတဲ့မြစ်တစ်စင်းပဲဖြစ်ဖြစ် မြစ်တစ်စင်းစီးဆင်းလာနိုင်ဖို့ အဲဒီမြစ်ကိုစတင်မွေးဖွားပေးခဲ့တဲ့နေရာတစ်ခုကတော့ ရှိစမြဲပါပဲ ...

မာယာဖြူ
၂၆.၁.၂၀၁၂ {ကြာသပတေး}
4:52 PM

Wednesday, January 11, 2012

လေးစားမှု {Respect}

at 7:38 PM 1 comments
ကျွန်မတို့အားလုံးဟာ ဘ၀အတွက် မတူညီကြတဲ့နည်းလမ်းမျိုးစုံနဲ့ အချိန်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြတာပါပဲ။
နေ့စဉ်နဲ့အမျှ နေရာတိုင်းမှာ မှန်တာတွေလုပ်မိတာလည်းရှိသလို အမှားတွေတော်တော်များများလည်း လုပ်မိတတ်ကြတယ်။
သိပေမယ့် မေ့လျော့နေတာတွေလည်း များပါတယ်။
တော်တော်များများ မမေ့သလိုလိုနဲ့ မေ့လျော့နေတတ်တာတွေထဲမှာ “လေးစားမှု” ဆိုတာလည်း ပါပါတယ်။
အဲဒီလေးစားမှုဆိုတဲ့နေရာမှာ ကြီးငယ်အရွယ်မရွေး လူအချင်းချင်း လေးစားမှုအပြင် ကိုယ့်ကိုယ်ကိုလေးစားမှု ကိုလည်း ဆိုလိုပါတယ်။
လူတစ်ယောက်ကို လူတွေအများကြီးက သူတို့ကိစ္စတွေနဲ့ပက်သက်ပြီး ပြောပြတယ် တိုင်ပင်တယ် အကြံဥာဏ်တွေတောင်းတယ်။
အဲဒါဘာကြောင့်လဲ ?
အဲဒီလူက သူဌေးမို့လို့လား ?
အသက်ကြီးလို့လား ?
ဒါမှမဟုတ် ပညာတွေအရမ်းတက်နေလို့လား ?
အခြေအနေပေါ်မူတည်ပြီး အဖြေတွေကတော့မျိုးစုံရှိနေမှာပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် တူညီတာတစ်ခုတော့ရှိပါတယ်။
အဲဒါကတော့ တိုင်ပင်ကြတဲ့လူတွေအားလုံးက အဲဒီတိုင်ပင်ခံရတဲ့လူအပေါ်မှာထားတဲ့ "လေးစားမှု" ပါပဲ။
ပြီးတော့ ယုံကြည်မှု။ ယုံကြည်မှု ဆိုတာဟာလည်း လေးစားမှုနဲ့ဆက်နွယ်နေပါတယ်။
အဲဒီလေးစားတဲ့စိတ်ကြောင့် ဒီလူပြောတဲ့နည်းလမ်းကို လိုက်လုပ်ကြည့်မယ် ဒီလူပြောရင် နားထောင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာတာပါ။
အဲဒီ လေးစားတယ်ဆိုတဲ့နေရာမှာ ပိုက်ဆံချမ်းသာလို့ ကိုယ်တွေထက် ပညာတတ်လို့ ဒါတွေက အဓိက မဟုတ်ပါဘူး။
ပိုက်ဆံချမ်းသာတိုင်း ဘွဲ့တွေတစ်သီကြီးရထားတိုင်း ရာထူးဂုဏ်ရှိန်ကြီးကြီးရှိတိုင်း လေးစားခံပြီး နေနေရတာမဟုတ်ပါဘူး။
ဒါတွေပိုင်ဆိုင်ပြီး လူတွေမလေးစားနိုင်တဲ့သူတွေ လောကမှာ ဒုနဲ့ဒေးပါပဲ။
လူအများလေးစားခံရသူဟာ ပိုင်ဆိုင်မှုများများစားစားမရှိလည်းပဲ ခုနလူမျိုးတွေထက် ပိုသာပါတယ်။
သူများကိုယ့်ကိုလေးစားဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကိုလေးစားဖို့ လိုပါတယ်။ အဲဒါက နံပါတ်တစ်အရေးကြီးဆုံးပါ။
ပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု (confidence)။ ကိုယ့်ရပ်တည်မှု၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်လုပ်ဆောင်ချက်တွေကို ကိုယ်ကိုယ်တိုင် ယုံကြည်လေးစားပါ။
ပြီးတော့ သူများရဲ့ ရပ်တည်မှု၊ အပြုအမူ၊ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေကိုလည်း လေးစားပါ။ ဒါမှ သူများကလည်းကိုယ့်ရဲ့အပြုအမူတွေကိုကြည့်ရင်း ကိုယ့်ကိုလေးစားလာနိုင်ပါမယ်။
ကိုယ့်ကိုယ်ကိုတောင်မလေးစားတတ်တဲ့သူဟာ သူတစ်ပါးကိုလည်း လေးစားတတ်မှာမဟုတ်ပါဘူး။
သူတစ်ပါးကို မလေးစားတတ်တဲ့သူဟာ တစ်ပါးသူရဲ့လေးစားမှုကိုလည်း ဘယ်တော့မှမရနိုင်ပါဘူး။
အဲ - တစ်ခုတော့ရှိပါတယ် confidence ရှိပါ ဆိုတဲ့နေရာမှာ self-confident မဖြစ်ဖို့တော့ လိုပါသေးတယ်။
self-confident ဆိုတာက ကိုယ့်ကိုယ်ကိုယုံကြည်မှု ပါပဲ။ ဒါပေမယ့် self-confident က ငါပြောတာ/ ငါလုပ်တာမှအမှန် ဆိုတဲ့အစွန်းရောက်ယုံကြည်မှုမျိုးပါ။
self-confident ရှိရင် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါတယ်။ အဲလိုယုံကြည်မှုမျိုးကတော့ မရှိသင့်ပါဘူး။
သူများအမြင်မှာ ကိုယ့်တန်ဖိုးမြင့်နေဖို့အတွက် ကိုယ်ကိုယ်တိုင် ကိုယ့်တန်ဖိုးကိုအရင်မြှင့်တင်ရပါမယ်။ ဒါဟာဘယ်သူကမှ လာလုပ်ပေးလို့မရပါဘူး။
နောက် သင့်လျော်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်၊ အကြံပေးနိုင်ဖို့အတွက် ထိုက်သင့်တဲ့အတွေ့အကြုံ ၊ အတွေးအခေါ် ၊ ပညာ ဒါတွေရှိနေဖို့တော့လိုပါတယ် (ဒီနေရာမှာ ပညာဆိုတာ အတန်းပညာကို မဆိုလိုပါဘူး)။
ဖြတ်သန်းခဲ့တဲ့ဘ၀လမ်းမှာ ကြုံခဲ့ရသမျှ အခက်အခဲ၊ ပြဿနာ၊ အမှားတွေကနေပြီး ဖြည်းဖြည်းချင်းရလာတဲ့ပညာမျိုးပါ။
များများမှားဖူးလေ အမှားတွေ အလွဲတွေကို များများဖြေရှင်းဖူးလေ အတွေးအခေါ် ပညာ တိုးတတ်လေပါပဲ။ ဒါဟာ စာသင်ခန်းထဲကနေ ဘွဲ့လက်မှတ်တွေကနေ မပေးနိုင်တဲ့ ပညာပါ။
အခက်အခဲကြုံလာရင် ရှောင်ထွက်ပြေးဖို့၊ လုပ်မကြည့်ရသေးဘူး အရင်လက်လျော့တတ်တာမျိုးတော့ မလုပ်သင့်သလို မလုပ်မိအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်လေးစားတဲ့သူ၊ ဘ၀မှာ အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းတတ်တဲ့သူဟာ အချိန်တွေကြာလာတာနဲ့အမျှ လူအများ လေးစားထိုက်တဲ့သူ လေးစားခံရတဲ့သူ ဖြစ်လာမှာ မလွဲပါဘူး။
လက်ရှိအချိန်မှာ ကိုယ်ကိုယ်တိုင်က လူအများလေးစားခံရတဲ့သူ မဖြစ်သေးရင်တောင်မှ လူတစ်ယောက်ချင်းစီဟာ ကိုယ့်ကိုယ်ကိုလေးစားတတ်တဲ့သူ တစ်ဘက်သားကိုလေးစားတတ်တဲ့သူတော့ ဖြစ်နေသင့်ပါတယ် ။ ။



မာယာဖြူ
၁၁.၁.၂၀၁၂ {ဗုဒ္ဓဟူး}
8:40 PM

Monday, January 2, 2012

စီရင်ချက်

at 2:10 PM 3 comments

တိုက်တဲ့လေမှာ အမုန်းမပါဘူး အဆုံးမှာ သစ်ရွက်ကြွေရတယ် ...
စီးတဲ့ရေမှာ မျက်လုံးမပါဘူး နိဂုံးမှာ ကမ်းပါးသေရတယ် ...
စကားလုံးမှာ ဓါးသွားမပါဘူး ဒါပေမယ့် နှ လုံး သား တော့ ကြေ မွ တယ် ...

ကျွန်မတင်စားမိသော လူထူးလူဆန်းများ

at 12:24 PM 0 comments
ကျွန်မတို့ နေ့စဉ်နေထိုင်လှုပ်ရှားသွားလာနေတဲ့ပတ်ဝန်းကျင်မှာ အကျင့်အမျိုးမျိုး စရိုက်အမျိုးမျိုး အကြိုက်အမျိုးမျိုး ရှိသော လူအမျိုးမျိုးကို တွေ့ကြုံဖူးပါသည်။
ထိုလူများထဲတွင် လူအများနှင့် မသိမသာကွာခြားသောလူများ သိသိသာသာကွာခြားသောလူများ မျိုးစုံရှိကြသော်လည်း ထိုခြားနားမှုများကို ကျွန်မတို့အနေနှင့် အရေးတယူလုပ်ရန်အကြောင်းမှာမူ သိပ်မရှိလှပေ။ အခု ကျွန်မရဲ့လူထူးလူဆန်းတွေကတော့ သူတို့ပြုမူဆောင်ရွက်မှုအကြောင်းအရာတော်တော်များများဟာ
ကျွန်မအတွက်တော့ အံ့သြမှုများစွာကို ဆောင်ကျဉ်းပေးနိုင်စွမ်းရှိလှသည်။
လူထူးလူဆန်းများ ဟု ကျွန်မတင်စားထားသူများမှာ မိသားစုတစ်စုမှမိသားစုဝင်များဖြစ်ပါသည်။ သူတို့မိသားစုမှာ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝသူများလည်း ဖြစ်ကြသလို
ထိုအကြောင်းအရာထက် ပိုစိတ်ဝင်စားစရာကောင်းသည်မှာ သူတို့၏အစဉ်အလာများပင်ဖြစ်သည်။ ထိုမိသားစု၏ အိမ်ဦးနတ်ဇနီးမောင်နှံမှာ သူတို့၏မင်္ဂလာနှစ်ပတ်လည်ပွဲကို
တခြားသောမင်္ဂလာဦးဇနီးမောင်နှံများကျင်းပသည့် မင်္ဂလာဧည့်ခံပွဲကဲ့သို့ပင် တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာကျင်းပလေ့ရှိပါသည်။
ထိုမင်္ဂလာနှစ်ပတ်လည်ပွဲသို့လည်း ဇနီးမောင်နှံများကိုသာ ဖိတ်ကြားပြီး ဖိတ်ကြားခံရသော ဇနီးမောင်နှံများမှာ လက်ဖွဲ့များနှင့်အတူ ထိုမင်္ဂလာပွဲသို့ တက်ရောက်ကြပြီးနောက် မင်္ဂလာပွဲသို့ တက်ရောက်လာသူများကိုလည်း ပုဆိုး၊ ပ၀ါ စသည်များကို ပြန်လည်ကမ်းရင်း စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံကျွေးမွေးပါသည်။
ထိုမင်္ဂလာနှစ်ပတ်လည်ပွဲ၌ မင်္ဂလာခန်းမတွင်းရှိ စင်မြင့်ထက်တွင် ထိုဇနီးမောင်နှံနှင့်အတူ သူတို့၏ သားသမီး၊ ချွေးမ၊ သားမက်တို့က နေရာယူလျှက် ပရိတ်သတ်အပေါင်းကို ကြိုဆိုနေကြပါသည်။ ထို့နောက် ထိုဇနီးမောင်နှံအား သားသမီး ချွေးမ သားမက် တို့က “သားတို့ သမီးတို့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါရစေ ကျေးဇူးရှင် ဖေဖေနှင့်မေမေ” ဟူသော သီချင်းအား သံပြိုင်သီဆိုလျှက် ကန်တော့ကြပါသည်။ ကန်တော့ပြီးနောက် ထိုဇနီးမောင်နှံက သူတို့သားသမီးများ၏ ဂုဏ် ပညာ
အရည်အချင်းတို့ကို တစ်ဦးချင်းစီနာမည်များဖြင့် စင်မြင့်ထက်မှနေ၍ ပြောကြားပါသည်။ ထိုသို့ပြောကြားပြီးနောက် ခင်ပွန်းတစ်လှည့် ဇနီးတစ်လှည့် သားသမီးများ တစ်လှည့် အပြန်အလှန် တေးသီချင်းများကို သီဆိုကာ ပွဲပြီးဆုံးသည်ထိ ကြွရောက်လာသူများကို ဧည့်ခံပါတော့သည်။ တစ်နှစ်တွင်မူ ထိုဇနီးမောင်နှံ၏မင်္ဂလာနှစ်ပတ်လည်ပွဲ နီးကပ်လာသဖြင့် မည်သို့မည်ပုံကျင်းပမည့်အရေး မိသားစုအစည်းအဝေးထိုင်ချိန်တွင် ကုန်ကျစရိတ်များကိုကြည့်ကာ ချွေးမဖြစ်သူမှ မနေနိုင်၍ “အမေရယ်
အသက်တွေလည်းကြီးလှပြီ ပိုက်ဆံတွေကို ဒီလိုနေရာမှာ ဘာလို့သုံးနေမှာလဲ အရမ်းနှမြောစရာကောင်းပါတယ်” ဟု ၀င်ထောက်မိသဖြင့် မိသားစုတစ်ခုလုံးကတစ်ဖက် ထိုချွေးမမှာတစ်ဖက်ဖြင့် စကားအချေအတင်တွေ ပြောကြရကာ ပြဿနာတက်ခဲ့ပါသေးသည်။
ဤကဲ့သို့ ထူးဆန်းသောမိသားစုပင်ဖြစ်ပါသည်။
ထိုဇနီးမောင်နှံ၏ သားကြီးဇနီးမောင်နှံမှာလည်း မိဘများနည်းတူ သူတို့ဇနီးမောင်နှံ၏မင်္ဂလာနှစ်ပတ်လည်တိုင်းတွင် နာမည်ကြီး Photo Studio ၌ မင်္ဂလာအလှဓာတ်ပုံများကို
ရိုက်ကူးကာ ထိုရိုက်ကူးထားသောပုံများထဲမှတစ်ပုံအား ဘောင်ဖြင့်ပြုလုပ်၍ မင်္ဂလာနှစ်ပတ်လည်နေ့စွဲနှင့်အတူ ဧည့်ခန်းနံရံတွင် Update ချိတ်ဆွဲလေ့ရှိပါသည်။ ဒါ့အပြင် သူတို့သားကလေး၏မွေးနေ့ကျင်းပရာတွင်လည်း ထိုကလေးလေး အူဝဲအရွယ်မှစ၍ ယခုရောက်ရှိသည့်အချိန်ထိ ရိုက်ကူးထားသောပုံများအား မွေးနေ့ နေ့စွဲနှင့်အတူ အသက်တစ်နှစ်လျှင်တစ်ပုံနှုန်းဖြင့် ဘောင်သွင်းထားသောပုံများအား အစဉ်လိုက် ချိတ်ဆွဲထားကာ သည်ဓာတ်ပုံအောက်တွင် သည်အရွယ်ကရိုက်ကူးခဲ့သောဓာတ်ပုံများ ဟိုဓာတ်ပုံအောင်တွင် ဟိုအရွယ်ကရိုက်ကူးခဲ့သောဓာတ်ပုံများ စသည်ဖြင့် ထည့်သွင်းထားသော ဓာတ်ပုံအယ်လ်ဘမ်တစ်အုပ်ချင်းစီကို မွေးနေ့ပွဲလာသူများ ကြည့်ရှု့နိုင်ရန်အလို့ငှာ အစဉ်လိုက် ချထားပေးပါသေးသည်။
ဤကဲ့သို့လည်း ထူးဆန်းပါသည်။
တစ်ခါတစ်ရံ ဘန်ကောက် စင်ကာပူ စသောနိုင်ငံများသို့ မိသားစုအလိုက် Shopping ထွက်ခြင်းများလည်း လုပ်လေ့ရှိပါသေးသည် (ငွေကြေးတတ်နိုင်သူများအတွက် ဒါကတော့အထူးအဆန်းမဟုတ်ပါ)။ ကျွန်မအနေဖြင့် ထိုကဲ့သို့သော ထူးထူးဆန်းဆန်းအစဉ်အလာများဖြင့် မိသားစုကို ကျွန်မပတ်ဝန်းကျင်တွင် ယခုမတိုင်ခင်အချိန်ထိ
မကြုံဆုံခဲ့ဖူးသေးပါ။ ကျွန်မ၏ပတ်ဝန်းကျင်က အလွန်ကျဉ်းမြောင်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ မင်္ဂလာနှစ်ပတ်လည်ပွဲလုပ်မည့်အစား ကုန်ကျမည့်ငွေများထဲမှ အကုန်မဟုတ်လျှင်တောင် တစ်ဆယ်ပုံတစ်ပုံလောက်လေးပဲဖြစ်ဖြစ် လိုအပ်သောနေရာများကို “မင်္ဂလာနှစ်ပတ်လည်အမှတ်တရ”
အနေဖြင့်လှူလိုက်ရင် ဘယ်လောက်တောင်ကောင်းလိုက်လေမလဲဟု ညည်းတွားမိချိန်တွင် ကျွန်မသူငယ်ချင်းတစ်ယောက်က “တစ်ကယ်တော့ အဲဒီနေရာမှာ နင်ကိုယ်တိုင်မဟုတ်လို့ နင်ကအဲဒီလိုကြေးရတတ်အသိုင်းအ၀ိုင်းကမဟုတ်လို့ ဒီအတွေး တွေးမိတာပါ။ အဲလိုမဟုတ်ရင်လည်း နင်ကပရဟိတအလုပ် လုပ်ဖူးတဲ့သူမို့ ဒီအတွေးမျိုး တွေးမိတာလည်းဖြစ်နိုင်ပါတယ်” ဟု ပြောလာတော့ သူပြောတာရော မှန်နေနိုင်မလား ကျွန်မတွေးမိပါသည်။
ဘယ်လိုပင်ပြောပြော ကြေးရတတ်မဟုတ်တဲ့ကျွန်မလိုသာမန်လူတစ်ယောက်အနေဖြင့်ကတော့ သူတို့၏ထူးဆန်းသောအစဉ်အလာများကို အံ့သြရင်း ထိုအရာများအတွက် ကုန်ကျသွားသောငွေများကို မဆီမဆိုင် အလွန်ပင်နှမြောနေမိပါတော့သည် ။ ။

မာယာဖြူ

ရန်ဖြစ်ကြပါ။ ဒါပေမယ့် ....

at 11:30 AM 0 comments
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း အတွေးအခေါ်ချင်း အယူအဆချင်း မတူနိုင်ပါဘူး။ မိဘနဲ့သားသမီး ညီအစ်ကိုမောင်နှတွေကြား သူငယ်ချင်းတွေကြား ချစ်သူတွေကြား လင်နဲ့မယားကြားမှာ သဘောထားကွဲလွဲတာ၊ အယူအဆချင်းမတူတာ၊ လုပ်ပုံကိုင်ပုံချင်းမတူတာ ဒါတွေဟာ လူတိုင်းမလွဲမသွေကြုံကြရမှာပါပဲ။ အယူအဆမတူဘူး၊ အကြိုက်မတူဘူး၊ သဘောထားမတူဘူး၊ အတွေးအခေါ်မတူဘူး၊ မျှော်မှန်းချက်တွေမတူဘူး ဆိုတာ သဘာဝပါပဲ။ အဲဒီတော့ မတူညီတာတွေ ထိပ်တိုက်တွေ့ကြတဲ့အခါမှာ စကားများရန်ဖြစ်ကြတာလည်း သဘာဝပါပဲ။ ရန်ဖြစ်တတ်တယ်ဆိုတဲ့သဘောဟာ လူ့သဘာဝပါ။ အဲ - လူမှမဟုတ်ပါဘူး တိရိစ္ဆာန်တွေလည်း ရန်ဖြစ်တတ်တာပါပဲ။ ဒါပေမယ့်လူကတော့ပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူက ပိုသိတယ်၊ ပိုခံစားတတ်တယ်။
ပိုသိလေလေ ပိုခံစားတတ်လေလေ ပိုပြီးတော့သဘောထားတွေက မတူညီလေ ပိုပြီးတော့ ပဋိပက္ခဖြစ်လေပါပဲ။ လူကြီးမိဘတွေက ရန်မဖြစ်ကြနဲ့ သင့်သင့်မြတ်မြတ်နေကြပါ ဆိုပြီး ဆုံးတော့ဆုံးမကြပါတယ်။ တကယ်တမ်းတော့ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှမတတ်နိုင်တဲ့ကိစ္စကြီးပါ။ ဒါကြောင့်မတတ်နိုင်တာကို မဖြစ်ဖို့ ပြောနေလို့လည်း မထူးပါဘူး။ ဒါကြောင့်မထူးတော့တဲ့အတူတူ ရန်ဖြစ်ပါ။ လူတိုင်း ရန်ဖြစ်လို့ရပါတယ်။
ဒါပေမယ့် တစ်ခုတော့သိထား၊ နားလည်ထားဖို့လိုပါတယ်။ အဲဒီရန်ဖြစ်ကြတဲ့အခါမှာ ကိုယ့်သဘောထား၊ ကိုယ့်အကြိုက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်အယူအဆ၊ ကိုယ်တန်ဖိုးထားတာ၊ ကိုယ်ဘယ်ဟာကို မှားတယ်လို့ယူဆတာ၊ ကိုယ်ဘယ်ဟာကို မှန်တယ်လို့ယူဆတာကို ကိုယ့်ဟာကိုယ်လည်းပဲ ရှင်းရှင်းလင်းလင်း၊ တိတိကျကျ၊ ပြတ်ပြတ်သားသား သိထားဖို့လိုပါတယ်။ ကိုယ်နဲ့ရန်ဖြစ်တဲ့လူဟာ ကိုယ့်မောင်နှမဖြစ်ချင်ဖြစ်မယ်၊ မိဘလည်းဖြစ်ချင်ဖြစ်မယ်၊ လုပ်ဖော်ကိုင်ဖက်ထဲကလည်းဖြစ်ချင်ဖြစ်မယ်၊ ချစ်သူလည်းဖြစ်ချင်ဖြစ်မယ်၊ ဇနီး (သို့) ခင်ပွန်းလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီရန်ဖြစ်နေရတဲ့သူရဲ့ အတွေးအခေါ်၊ သူ့သဘောထား၊ သူ့အကြိုက်၊ သူ့ဝါသနာ၊ သူဘယ်ဟာကို မှားတယ်လို့ထင်သလဲ၊ သူဘယ်ဟာကို မှန်တယ်လို့ထင်သလဲ၊ သူဘယ်ဟာကို ကောင်းတယ်ထင်သလဲ၊ သူဘယ်ဟာကို မကောင်းဘူးထင်သလဲ။ ပြီးတော့ ဘာကြောင့်သူအဲဒီလို တစ်ခုကိုကောင်းတယ်လို့ထင်ပြီးတော့ နောက်တစ်ခုကို မကောင်းဘူးလို့ ထင်ရသလဲ၊ သူဘယ်လိုခံစားနေရသလဲ၊ အဲဒါတွေကိုပါ သိအောင်လုပ်သင့်ပါတယ်။ ကိုယ့်သဘောတွေကိုလည်း ကိုယ်သိနေရမယ်။ သူ့သဘောထားကိုလည်း သိအောင်ကြိုစားရပါမယ်။ သိပြီးမှ နားလည်ပြီးမှ ဆွေးနွေးပါ။ ရသလောက်ညှိပါ၊ ဒါပေမယ့် တူတော့တူသွားမှာမဟုတ်ပါဘူး။ အယူအဆမတူပေမယ့် သဘောထားမှန်မှန်နဲ့ လက်ခံဖို့တော့လိုပါတယ် (ဒီနေရာမှာသဘောထားကြီးနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။ သို့ပေမယ့်လည်း အတ္တတွေနဲ့ ပုထုဇဉ်လူသားတွေမို့လို့ သဘောထားကြီးဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ သဘောထားမကြီးနိုင်ရင်တောင်မှ သဘောထားမှန်ဖို့တော့လိုပါတယ်)။ စကားများ ရန်ဖြစ်ကြပေမယ့် အဲဒီလူတွေနဲ့ပဲ အဆင်ပြေအောင်ဆက်ပြီးတော့ နေသွားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိဘ ဒီမောင်နှမ ဒီသူငယ်ချင်း ဒီချစ်သူ ဒီအိမ်ထောင်ဘက် တွေနဲ့ တစ်သက်လုံး ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ ညှိနှိုင်းလိုက်ကြလို့ သဘောထားတွေရော တူသွားနိုင်လားဆိုတော့ မတူနိုင်ပါဘူး။ အဲလိုပဲ အယူအဆ အတွေးအခေါ်တွေလည်း တူသွားမှာတော့ မဟုတ်ပါဘူး။
အဲဒီတော့ဘယ်လိုလုပ်ကြမလဲ။ အဲဒီလိုမကင်းနိုင်တဲ့လူတွေ ဘယ်တော့မှ မတူနိုင်တဲ့လူတွေပဲ နားလည်ပေးပြီးတော့ ညှိနှိုင်းပြီးတော့ တစ်သက်လုံးနေသွားရမှာပါပဲ။ အဲလိုနေသွားနိုင်တယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဒီလိုနေမှလည်းပဲ နေလို့ဖြစ်ပါမယ်။ ရှေ့ဆက်လို့ရပါမယ်။

{ဖတ်ဖူးခဲ့တဲ့ ဆရာတော်ဦးဇောတိကရဲ့ဆုံးမစာများထဲမှတစ်ချို့ကိုပြန်လည်ကိုးကားတင်ပြပါသည်။}

မာယာဖြူ

သစ်ပင် {memento}

at 11:29 AM 0 comments
တွယ်တာနှောင်ရစ် ရင်တွင်ဖြစ်တည်
အမည်သိခက်မြတ်နိုးလျှက် ... နင်
ရင်တွင်ပျော်ပိုက် မြတ်နိုးလိုက်ချင်
မှတ်မည်ဖျောက်ခက်မြတ်နိုးလျှက် ... နင်
ကြည်းနူးရယ်ရွှင် နင်ပျော်လျှင်တော့
ငါ့ရဲ့ရင်ပျိုး ချစ်ခြင်းသစ်ပင်
ညှိုးလိုကညှိုး
ကျိုးလိုကကျိုး
ချိုးလိုကချိုး
နင့်အတွက်သာရည်ရွယ်ပါသည်
တစ်ပင်တည်းပင် ချစ်သစ်ပင် . . .

ညနေတစ်ခုအတွက် {memento}

at 11:08 AM 0 comments
အလင်းရိပ်ဖျက်
အမှောင်ထဲဘဲထွက်ခဲ့ပါရစေ
ရင်ရင်ချင်း မစိုးမိုးနိုင်တော့ရင်တောင်
ငါ့ညနေတစ်ခင်းလောက်တော့
မင်း စိုးမိုးစေချင်စမ်းတယ် . . .

ကျေနပ်ပါတယ်လေ

at 11:01 AM 1 comments
ပင်လယ်ကြီးမှ မဟုတ်ပါဘူး
ကော်ဖီခွက်မှာလည်း လှိုင်းရှိပါတယ် ..
အမြင့်မှာမှ မဟုတ်ပါဘူး
အမြင့်နှစ်ခုကြားမှာလည်း လေတိုက်တာပဲ ..
စိမ်းသွားတယ်လို့ မယူဆပါဘူး
အပြာနဲ့အ၀ါရဲ့တိုက်ဆိုင်မှုလို့ မှတ်ယူပါ့မယ် ..
ချစ်ခွင့်ရမှ မဟုတ်ပါဘူး
မြိုသိပ်ထားရတာလည်း ခံယူတတ်ရင်လှတာပါပဲ ..
ဒါကြောင့်မို့
တံခါးပေါက်တွေလည်း ဖွင့်ထားပါတယ် ..
ငှက်ကလေးရေ မြင့်မြင့်ပျံပါ
အိပ်မက်တွေကိုလည်း မျိုချလိုက်ပြီ
လှိုင်းလိုခုန်တဲ့ရင်ကိုလည်း
လိုက်ကာလိုပဲ ဆွဲသိမ်းလိုက်ပြီ
ပိုင်ဆိုင်ရမှ မဟုတ်ပါဘူး
အဝေးက ချစ်နေရရင်လည်း
ကျေနပ်ပါတယ်လေ . . .

မာယာဖြူ

နားလည်ထားတဲ့ "ပျော်ရွှင်မှု" ဆိုတာ

at 10:57 AM 0 comments
ပျော်ရွှင်မှုဆိုတာ အကြီးကြီးပေးနိုင်မှ/ ရမှ ပျော်ရွှင်မှု လို့ခေါ်တာ မဟုတ်ပါဘူး။ တခါတလေကျ ဘာရယ်မဟုတ်တဲ့ အသေးအဖွဲလေးတွေကနေလည်း ကြီးမားတဲ့ပျော်ရွှင်မှုကို ရတတ်ပါတယ်။ အမြဲတမ်း အဓိပ္ပါယ်ရှိတဲ့လုပ်ရပ် အဓိပ္ပါယ်ရှိတဲ့အပြောပဲ လုပ်နေ ပြောနေရမှာ မဟုတ်ပါဘူး။ တခါတရံ အဓိပ္ပါယ်မရှိပေမယ့်လည်း လုပ်လို့/ပြောလို့ရတယ်။ အမြဲပဲ အဓိပ္ပါယ်ရှိမှလုပ် အဓိပ္ပါယ်ရှိမှပြော ဆိုတဲ့ နှောင်ဖွဲ့မှုတွေနဲ့ ဘ၀ကိုဖြတ်သန်းဖို့ စိတ်ကူးမရှိဘူး။ အသက်ရှင်နေတုန်းမှာ စိတ်ရှိတဲ့အတိုင်း (တပါးသူကိုထိခိုက်စေခြင်းမရှိ) လွပ်လပ်စွာနေဖို့ပဲ စိတ်ကူးရှိတယ်။ ကိုယ့်ပျော်ရွှင်မှုက တပါးသူအပေါ် တည်မှီမနေသင့်ဘူး။ အဲလိုတည်မှီနေရင် ပျော်ရွှင်မှုထက် ကြေကွဲမှုတွေပဲရဖို့က ပိုများတယ်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဘာသာဖန်တီးတာ အကောင်းဆုံးပါ။

မာယာဖြူ

Sunday, January 1, 2012

HAPPY NEW YEAR 2012

at 12:11 AM 0 comments

နှစ်တစ်နှစ်ကုန်လွန်လို့ နှစ်သစ်တစ်ခုစတင်ပါပြီ။
ကုန်လွန်ခဲ့တဲ့နေ့တွေမှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေ ရင်ခုန်ခြင်း ကြေကွဲခြင်းတွေ တွေ့ဆုံခြင်း လမ်းခွဲခြင်းတွေ မျှော်လင့်ထားပေမယ့် ဖြစ်မလာတာတွေ မမျှော်လင့်တဲ့အဖြစ်အပျက်တွေက မမျှော်လင့်တဲ့နေရာကနေ ရုတ်တရက်ပေါ်လာတာတွေ တခြားသူအမှားကြောင့် ကိုယ့်စိတ် ကိုယ့်ဘ၀ ကိုယ့်ရည်မှန်းချက် ပြိုလဲထိခိုက်ခဲ့ရတာတွေ ကိုယ်ယုံကြည်သမျှကို နင်းခြေခံခဲ့ရတာတွေ အောင်မြင်ခြင်း ဆုံးရှုံးခြင်းတွေ အမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။
ဖြစ်ပျက်ခဲ့သမျှကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ကျွန်မတို့ လက်ခံခဲ့ကြရတာပါပဲ။
ဖြစ်ပျက်ခဲ့တဲ့ ပြန်လည်ပြင်ဆင်လို့မရတော့တဲ့အမှားတွေကို နှစ်ဟောင်းနဲ့အတူ ချန်ရစ်ခဲ့ပါ။
ပြင်ဆင်လို့မရတော့တဲ့အမှားတွေကို မချန်ရစ်နိုင်ပဲ ရှေ့ဆက်ရမယ့်ခရီးတစ်လျှောက်သယ်သွားရင် နောက်ထပ်အဖြစ်အပျက်အသစ်အသစ်တွေကို လက်ခံဖို့ ဖြေရှင်းဖို့ ကိုယ့်ရဲ့စိတ်မှာ နေရာကျဉ်းသွားပါလိမ့်မယ်။
အမှားတွေကို ထမ်းပိုးထားရလို့ လေးလံနေတဲ့စိတ်တွေကြောင့် ကိုယ့်ဘ၀အတွက် ရည်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ အချိန်တွေ နှောင့်နှေးသွားနိုင်ပါတယ်။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မတို့ဆွဲထားလို့မရတဲ့အချိန်ကတော့ သူ့တာဝန်အတိုင်း အချိန်မှန်မှန်နဲ့ တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ်နဲ့ ဆက်လက်ချီတက်နေအုံးမှာပါပဲ။
ကျွန်မတို့လည်း ဖြစ်ပျက်ခဲ့တဲ့ ပြန်လည်ပြင်ဆင်လို့မရတော့တဲ့အမှားတွေကို ဘ၀တစ်လျှောက်သယ်ယူသွားမယ့်အစား အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူရင်းးး
နှစ်သစ်ကို ကြိုဆိုလိုက်ကြပါစို့
ကဲ - သူငယ်ချင်းများအားလုံးးးးးးးးးးးး

HAPPY NEW YEAR 2012


မာယာဖြူ
1.1.2012 {Sunday}
12:11 am

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review