Tuesday, February 21, 2012

Forgive & Forget

at 1:10 PM
တစ်နေ့ ကျွန်မဆရာနဲ့ကျွန်မ အလုပ်ကိစ္စတစ်ခုတိုင်ပင်ရင်း ဟိုအကြောင်းဒီအကြောင်းနဲ့ ဆရာတပည့်နှစ်ယောက် စကားလက်ဆုံကျဖြစ်ခဲ့ကြတယ်။
စကားပြောကြရင်းနဲ့ ဆရာက ကျွန်မကိုမေးခွန်းတစ်ခုမေးလာပါတယ်။
ဆရာ။ ။ Forgive နဲ့ Forget မှာ ဘယ်ဟာက ပိုအရေးကြီးလဲ။
ကျွန်မ။ ။ Forgive (ခွင့်လွှတ်ခြင်း) ပါ ဆရာ။
ဆရာ။ ။ ဘာကြောင့်လဲ။
ကျွန်မ။ ။ လူတစ်ယောက်က ကိုယ့်အပေါ်အမှားတစ်ခု/ အပြစ်တစ်ခု ၊
ကိုယ့်ကိုထိခိုက်စေတဲ့လုပ်ရပ်တစ်ခုကိုလုပ်ခဲ့မယ်။ အဲဒါကိုကိုယ်ကိုယ်တိုင်ပြန်သိရတဲ့အချိန်မှာပဲဖြစ်ဖြစ်/
ကျူးလွန်သူကိုယ်တိုင်ဝန်ခံလို့သိရတာပဲဖြစ်ဖြစ် အဲ့ဒီလူအပေါ်ခွင့်မလွှတ်နိုင်ဘူးဆိုရင်
သူနဲ့ကိုယ့်ဆက်ဆံရေးက ရှေ့ဆက်ဖို့အတွက် ခက်ခဲသွားမယ်လို့ထင်ပါတယ် ဆရာ။
ဆရာ။ ။ ဟုတ်ပြီ ဒါဆို မင်းသူ့အမှား သူ့လုပ်ရပ်ကိုရော မေ့ပစ်နိုင်မှာလား။
ကျွန်မ ။ ။ ဟင့်အင်း ဆရာ။ အဲဒါကိုတော့ လွယ်လွယ်နဲ့မေ့နိုင်မှာမဟုတ်ဘူး။
ဆရာ။ ။ အဲဒီလို မင်းကိုထိခိုက်အောင်လုပ်ခဲ့တာကိုပဲဖြစ်ဖြစ် သူ့အမှားတစ်ခုခုကိုပဲဖြစ်ဖြစ်
မင်းအနေနဲ့ မမေ့နိုင်ပဲ သူနဲ့ပြောဆိုဆက်ဆံတဲ့အခါ မင်းစိတ်မှာ အရင်လို သူ့အပေါ်စိတ်ရှင်းရဲ့လား။
တခါတရံ သူ့လုပ်ရပ်မျိုးနဲ့ဆင်တူတဲ့ဖြစ်ရပ်မျိုး မင်းရှေ့မှာဖြစ်ပျက်တာကို မြင်တွေ့ရတဲ့အခါပဲဖြစ်ဖြစ်
သူ့အမှားကို ပြန်တွေးမိတဲ့အခါပဲဖြစ်ဖြစ် မင်းစိတ်မှာနာကျင်မှုက တစ်ဖန်တလဲလဲဖြစ်လာမယ်။
သူ့ကိုဖွင့်မပြောဖြစ်ပေမယ့် လုပ်ရက်လေခြင်း ဆိုတဲ့ ခံပြင်းစိတ်အခံလေးက မင်းမှာရှိနေမှာပဲ။
မင်းနဲ့သူပြောဆိုဆက်ဆံတဲ့အခါ အဲဒီစိတ်အခံကြောင့် မင်းစိတ်က သူနဲ့ပက်သက်လာရင် ထိလွယ် ရှလွယ်
ပေါက်ကွဲလွယ်လာမယ်။ သံသယစိတ်လေးရှိနေမယ်။ အဲလိုဆို မင်းနဲ့သူ ဆက်ဆံရေးက အဆင်ပြေတယ်
ဆိုနိုင်မလား။ ဒါဆို ရှေ့ဆက်နိုင်ဖို့အတွက် မင်းသူ့ကိုခွင့်လွှတ်တယ် ဆိုတာ ဘာကိုခွင့်လွှတ်တာလဲ။
ဘယ်လိုမျိုးခွင့်လွှတ်တာလဲ။
ကျွန်မ။ ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆရာ။ ။ တကယ်တော့ Forgive နဲ့ Forget မှာ လူတွေကြားမှာ အမှန်တကယ်လိုအပ်နေတာက Forget
ပါ။ လူတစ်ယောက်ရဲ့အမှားကို မေ့မပစ်နိုင်ပဲနဲ့ မင်းသူ့ကိုဘယ်လိုမှခွင့်လွှတ်လို့မရပါဘူး။
ပါးစပ်ကဘယ်လောက်ပဲခွင့်လွှတ်ပါတယ်ပြောပြော သူ့အမှား/ သူ့လုပ်ရပ်ကို မမေ့နိုင်သေးသရွေ့
မင်းစိတ်မှာသူနဲ့ပက်သက်တဲ့ နာကျင်မှုတွေက ရှိနေမှာပဲ။ တွေးကြည့်စမ်းပါ။ တန်သလား လို့။
မင်းအမှားမဟုတ်ဘူးလေ။ သူ့အမှား။ ဒါပေမယ့် နာကျင်ခံစားနေရတာက ဘယ်သူလဲ။ မင်းကိုယ်တိုင်ပဲ။
မင်းကိုယ်တိုင်မကျူးလွန်ခဲ့တဲ့အမှားတစ်ခုအတွက် မင်းကခံစားနေရတယ်။
ကဲ-ထပ်မေးကြည့်မယ်။ မင်းကိုလူတစ်ယောက်က ပစ္စည်းတစ်ခုကိုလာပေးမယ်။ မင်းလက်ခံမယူပဲနဲ့
အဲဒီပစ္စည်းက မင်းလက်ထဲကို ရောက်လာမလား။
ကျွန်မ။ ။ ရောက်မလာနိုင်ပါဘူး ဆရာ။
ဆရာ။ ။ ဒါဆို သူတစ်ပါးရဲ့အမှားကြောင့် ကိုယ်ခံစားနေရတဲ့ နာကျင်မှု.. သူကအဲဒါကိုပေးတယ်
မင်းကလက်ခံယူခဲ့တယ်။ အဲဒီတော့ မင်းခံစားရတယ်။ ဘ၀မှာ တစ်ချို့အရာတွေက လက်သင့်မခံပဲ
လျစ်လျူရှု့သင့်ရင် လျစ်လျူရှု့နိုင်ရတယ်။ တချို့အရာတွေက ကိုယ်လက်ခံယူလေ ကိုယ်နာကျင်ရလေပဲ။
အဲဒါဆို ငါတို့ကဘာလို့လက်ခံနေတော့မလဲ။ တစ်ချို့အရာတွေကို လက်လွှတ်သင့်တဲ့အချိန်မှာ
လက်လွှတ်နိုင်ရတယ်။ အဲလိုမှမဟုတ်ရင် မင်းရမယ့်စိတ်ဒဏ်ရာတွေက ရင်နဲ့တောင်ဆံ့မှာမဟုတ်ဘူး။
တစ်သက်လုံး မင်းခံစားလို့လည်းဆုံးမှာမဟုတ်တော့ဘူး။ မင်းဆက်လျှောက်ရအုံးမယ့်ဘ၀ခရီးလမ်းက
ငါတို့ထက် အများကြီးရှည်ကြာအုံးမယ်။ လောကဒဏ်ပေါင်းစုံ ၊ လူပေါင်းစုံနဲ့ တွေ့ကြုံရအုံးမယ်။ လွန်ခဲ့တဲ့
(၁၀)နှစ်လောက်တုန်းက ငါကိုယ်တိုင်လည်း မင်းလိုပဲ Forgive (ခွင့်လွှတ်ခြင်း) က အရေးကြီးဆုံး
လို့သတ်မှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် မမေ့နိုင်လို့ ရလာတဲ့စိတ်ဒဏ်ရာတွေကို ခွင့်လွှတ်ခြင်း က
မသက်သာစေခဲ့ဘူး။ မမေ့နိုင်ပဲနဲ့ ခွင့်လွှတ်တယ် ဆိုတာ တကယ်တော့ ကိုယ့်စိတ်ကိုလိမ်နေတာပါ။
မမေ့နိုင်ရင် မင်းဘယ်ခွင့်လွှတ်နိုင်ပါ့မလဲ။ ဒါကြောင့် အတတ်နိုင်ဆုံး မေ့နိုင်အောင်ပဲ ကြိုးစားပါ။ မေ့ပစ်ဖို့ က
ခွင့်လွှတ်တာထက်ပိုခက်ခဲပေမယ့် သူတစ်ပါးရဲ့အမှားတွေကို အတတ်နိုင်ဆုံး မေ့နိုင်လာတဲ့အခါ မင်းစိတ်က
ပိုပိုပြီးအေးချမ်းလာမှာပါ။ အဲဒါဆို ကြိုးစားခွင့်လွှတ်ဖို့လည်း မလိုတော့ဘူး။ မေ့လိုက်နိုင်တာနဲ့တပြိုင်နက်
ခွင့်လွှတ်ခြင်း ကအတူပါပြီးနေပါပြီ။
ကျွန်မ။ ။ ဟုတ်ကဲ့ပါ ဆရာ။ တစ်ခုတော့ သမီးမေးချင်သေးတယ်။ ဆရာပြောသလို တစ်ဖက်လူရဲ့အမှားကို
ကိုယ့်ဘက်က ကြိုးစားပြီး မေ့ပစ်ပေးခဲ့မယ်။ ခွင့်လွှတ်ပေးခဲ့မယ်။ ဒါပေမယ့် အဲဒီလူက နောက်တစ်ကြိမ်
ထပ်ပြီးကျူးလွန်တဲ့အခါကျရင်ရော။ အကြိမ်တိုင်းကို မေ့ပစ်ဖို့ကတော့ လွယ်မယ်မထင်ဘူးဆရာ။
ရှင်းအောင်ပြောရရင် တစ်ဖက်လူက လုပ်ချင်တာလုပ်ပြီး တောင်းပန်လိုက်တိုင်း
ကိုယ့်ဘက်ကအလျော့ပေးနေရင် ကိုယ့်တန်ဖိုးက သိပ်ပြီးပေါသွားမလား။ ငါဘာပဲလုပ်လုပ် နောက်မှ
မှားသွားပါတယ် လို့ တောင်းပန်လိုက်ရင် ပြီးသွားတာပါပဲ ဆိုတဲ့ စိတ်တစ်ခု တစ်ဖက်လူမှာ ၀င်သွားရင်
ကိုယ်ကသူ့အတွက် ဘယ်လိုအနေအထားမျိုးမှာ ရောက်သွားမလဲ။ ဘယ်လိုရှေ့ဆက်ကြမလဲ။
ဆရာ။ ။ အဲဒီမေးခွန်းအတွက် စကားတစ်ခွန်းလက်ဆောင်ပေးလိုက်မယ် သမီး
“ မကောင်းဘူးလား ကင်းအောင်နေ ” တဲ့
အဲလိုလူမျိုးနဲ့ ကြုံလာရပြီဆိုရင် / သူ
လုံးဝမကောင်းဘူးဆိုတာ သေချာသွားပြီဆိုရင် အဲဒီစကားကို သမီးအမှတ်ရလိုက်ပါ။ ကျန်တာတော့ သမီးရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်သွားပြီပေါ့ ။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဒီနေ့က ကျွန်မအတွက် တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ဆရာ့ဆီကနေရခဲ့ပါတယ်။
ကျွန်မကိုယ်တိုင် လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာကလည်း အဲဒီ မေ့ပစ်ဖို့ နဲ့ ခွင့်လွှတ်ခြင်း ရဲ့ ပြဿနာပါပဲ။
တိုက်ဆိုင်စွာနဲ့ ဆရာရဲ့ဆုံးမစကားတွေက ကျွန်မစိတ်ကို အနည်းငယ်တော့ ဖြေလျော့သက်သာစေခဲ့ပါတယ်။
ပုထုဇဉ်လူသားတွေမို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေနဲ့ မကင်းနိုင်သေးတဲ့အခါ မေ့ပစ်ဖို့ က
ခွင့်လွှတ်ခြင်း ထက်ပိုပြီးခက်ခဲနေကြပါတယ်။
သူများပေးတဲ့နာကျင်မှုကို ကိုယ်လက်ခံမယူရင် မရဘူးဆိုပေမယ့် ကိုယ့်ကိုထိခိုက်စေခဲ့တဲ့အရာတစ်ခုအတွက်
ထိခိုက်ခံစားကြရမယ်ဆိုတာလည်း မလွဲမသွေပါပဲ။
ကျွန်မကိုယ်တိုင်လည်း အခုချက်ချင်းမဖြစ်နိုင်ပေမယ့် နောင် (၁၀)နှစ်ကြာတဲ့အချိန်မှာ ဆရာ့လိုပဲ မေ့ပစ်ဖို့ က
ခွင့်လွှတ်ခြင်း ထက် ပိုအရေးကြီးတယ် ဆိုတာကို ကိုယ်တိုင်လက်သင့်ခံပြီး နောက်လူတွေကို ပြန်ပြီး sharing
လုပ်နေနိုင်မလား ဆိုတာကတော့ .........................................


မာယာဖြူ
၂၀.၂.၂၀၁၂ {တနင်္လာ}
11:30 PM

2 comments:

Anonymous said...

မမရေ ... ညလေးလည်း Forget မလုပ်နိုင်သေးတော့ ကိုယ်ကိုတိုင်နာကျင်မှုတွေကို ရင်နဲ့မဆန့်အောင် ခံစားနေရတယ် ... Forgive ထက် Forget ဆိုတာလေး လုပ်နိုင်အောင် ကြိုးစားမယ်နော် ....
မိုးည(သူရဲလေးကောင်)

မြသွေးနီ said...

အတွေးကောင်းတဲ့ ပို့စ်လေးပါပဲ။ မေ့လိုက်တာထက် လှစ်လျူရှုလိုက်ပါ...။ အဲ့ဒါဆို ပြန်ကိုသတိမရလာတော့ဘူး... :)

( စာတွေ ရေးလာတာ ၀မ်းသာမိတယ်။ Link ချိတ်ထားလိုက်တယ် ညီမလေး)

Post a Comment

မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review