
အတ္တကိုရှေ့တန်းတင်
မာနကိုအရောင်ဆိုး
နှုတ်ခမ်းမှာတော့အပြုံးဆင်ပြီး
မျက်လုံးကတော့ မထီတရီနဲ့
အဆီအငေါ်မတည့်တဲ့ ဒီမျက်နှာဖုံးတွေ
မြင်ရတာရွံရှာစရာကောင်းပါရဲ့ ....
လိုတာရှိတော့ ရွှမ်းရွှမ်းဝေလို့
စကားလုံးပေါ်က သကာရည်တွေများ
ခါချဉ်ကောင်အုံလိုက်ကျမှာတောင်
တကယ်တော့
ပြေးလမ်းပေါ် ဘယ်အချိန်မှောက်လဲမလဲ လို့
စောင့်ကြည့်သူတွေကသာများပါရဲ့ ...
သြော် - လူတွေလူတွေ
လိုတမျိုး မလိုတမျိုးနဲ့
နှစ်မျိုးလောက်ပဲ လုပ်တတ်ကြပေလို့ပဲ ...
နည်းပညာတွေတိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ
ကမ္ဘာဆိုတာ“ရွာ” တဲ့
ဒီကမ္ဘာ့ရွာကြီးထဲမှာ
ဘာမဆို ဒိုးယိုပေါက်မြင်နေရတာတောင်မှ
အမှန်တရားကိုမြင်ဖို့တော့ မှောင်လိုက်ကြတာ ...
အစစ်ထက်အတုတွေမှိုလိုပေါက်နေတဲ့
ခေတ်ကြီးမှာ
ကိုယ်ချင်းစာတရားဆိုတာလည်း
ပင်လယ်ထဲ ပြုတ်ကျသွားတဲ့
အပ်တစ်ချောင်းလိုပါပဲ ...
တစ်နပ်စားကျင့် တစ်နပ်စားကြံ ကြံရင်း
လိုတာရဖို့ဆို သိက္ခာတွေလည်း
ခ၀ါချလိုက်ကြတာပဲ
မျက်လုံးတွေလည်း ကြောင်တောင်ကန်းသွားကြတာပဲ ...
ဘာမဆိုလွယ်ပေမယ့်
အမှားအမှန်ခွဲဖို့ကျ ခက်နေတယ်
အဲ - မဟုတ်သေးဘူး
တကယ်က အမှန်တရားကို
တန်ဖိုးထားဖို့ မေ့လျော့ကုန်ကြတာ ...
ကဲ - လက်ကျန်မနက်ဖြန်တွေမှာဘာဆက်လုပ်မှာလဲ တဲ့
တကယ်မသိဘူးကွယ်
တွေးမိတာတစ်ခုတော့ရှိတယ်
ဒီလိုအရောင်စုံလူတွေကြားထဲ
“အမှန်တရား နဲ့ ရိုးသားခြင်း” ရဲ့အသုဘကို
ပြန်လိုက်ပို့ရမှာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးထင်တယ် ဖေဖေ ........
မာယာဖြူ
၈.၇.၂၀၁၂ (တနင်္ဂနွေ)
11:55 PM
၈.၇.၂၀၁၂ (တနင်္ဂနွေ)
11:55 PM