Monday, October 29, 2012

ဆင်နွှဲလို့ပျော်ပျော် ဆွမ်းတော်ကြီးကပ် ပွဲတော်

at 8:43 PM 2 comments

သီတင်းကျွတ်လဟာ ကျွန်မတို့မြန်မာလူမျိုးတွေရဲ့ လထူးလမြတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလကာလအတွင်း တရားရေအေးတိုက်ကျွေးပြီးနောက် နတ်ဗြဟ္မာအပေါင်းခြံရံလျှက် တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက်တော်မူလာတဲ့အတွက် နတ်ပြည်ကနေလူ့ပြည်ထိလမ်းတစ်လျှောက်ကို နတ်လူအပေါင်းမှ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်းတို့မှာ ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြတဲ့ "အဘိဓမ္မာအခါတော်နေ့" လည်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ လူကြီးမိဘဆရာသမားတွေကို လိုက်လံကန်တော့ကြတာဟာလည်း ဘယ်တော့မှရိုးမသွားနိုင်တဲ့ မြန်မာတို့ရဲ့ အလွန်ကြည်နူးဖွယ်ရာ ချစ်စရာ့ဓလေ့တစ်ခုပါ။ ကျွန်မတို့ငယ်ငယ်ကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်ဆို အလွန်ပျော်ကြရပါတယ် (လူကြီးမိဘတွေကိုကန်တော့လို့ မုန့်ဖိုးရတဲ့အခါဆို ပိုပျော်ပါတယ် :P)။ ကလေးဘ၀ကသီတင်းကျွတ်ရက်တွေဟာဖြင့် လမ်းတွေလမ်းတွေမှာ ရောင်စုံ ဒီဇိုင်းစုံ မီးပုံးများချိတ်ဆွဲခြင်း ဖယောင်းမီးများနှင့်စာလုံးအလှဖော်ခြင်း မီးရှူးမီးပန်းများဖောက်ခြင်း စတာတွေအပြင် လူကြီး လူလတ် လူငယ် ကလေး အရွယ်မရွေး မီးထွန်းပွဲတော်ကို လမ်းလျှောက်ကြည့်ရှု့ကြတာဖြင့် အလွန်စည်ကားပြီးပျော်စရာလည်းကောင်းပါတယ်။ အခုနောက်ပိုင်းတော့ ဒါမျိုးတွေသိပ်မတွေ့ရတော့ပါဘူး။ ဘုရားရင်ပြင်တော်မှာ ဆီမီးများထွန်းညှိပူဇော်ကြခြင်း ၊ ၀တ်ရွတ်ပူဇော်ကြခြင်း စတာတွေကိုတော့ ယနေ့အချိန်ထိ မြင်တွေ့နေရပါတယ်။ အိမ်နဲ့ခွဲခွာပြီး တစ်နယ်တစ်ကျေးမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေအတွက် သီတင်းကျွတ်လဟာ ပိုလို့ထူးခြားပါတယ်။ သီတင်းကျွတ်လပြည့်အမှီ မိမိတို့မွေးရပ်မြေသို့ ပြန်ကြတာဟာ တကယ့်ကိုကြည်နူးပျော်ရွှင်စရာပါ။
ဧရာဝတီတိုင်းမှာတည်ရှိတဲ့ ကျွန်မတို့နယ်မြို့လေးမှာ သီတင်းကျွတ်လနဲ့ပက်သက်ပြီး ဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ "ဆွမ်းတော်ကြီးကပ်ပွဲ" ဆိုတဲ့ ဓလေ့ပါ။ ကျွန်မတို့မြို့လေးရဲ့ တစ်ဘက်ကမ်းမှာ "ရွာမကျောင်း" ဆိုတာရှိပါတယ် (ကျွန်မတို့မြို့လေးရဲ့အလယ်မှာ
ချောင်းကျယ်တစ်ချောင်းကဖြတ်သန်းစီးဆင်းပြီး မြို့ကိုနှစ်ခြမ်းခွဲထားသလိုဖြစ်နေပါတယ်)။ အဲဒီရွာမကျောင်းမှာ စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သီတင်းကျွတ်လပြည့်နေ့မနက်မှာ အာရုဏ်ဆွမ်းကပ်လှူတဲ့ဓလေ့ပဲဖြစ်ပါတယ်။ အဲဒါကို "ဆွမ်းတော်ကြီးကပ်ပွဲ" လို့ခေါ်ကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့လူတွေဟာ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ညနေမှာ မိမိတို့အိမ်ကနေ မိမိတို့ကပ်လှူမယ့်ဆွမ်း၊ သစ်သီး အစရှိသည်များကိုယူဆောင်ပြီး ရွာမကျောင်းသို့သွားရောက်ပို့ဆောင်ကြပါတယ်။ ဆွမ်းတော်လာရောက်ပို့ဆောင်သူများကိုလည်း ကောက်ညှင်းပေါင်း၊ အညာသားကျောကုန်း၊ မုန့်ဗိုင်းတောင့် စတဲ့ မြန်မာ့ရိုးရာမုန့်များကို ပြန်လည်ကျွေးမွေးပါသေးတယ်။ မှောင်စပျိုးတာနဲ့ ရွာမကျောင်းသို့သွားရာလမ်းတစ်လျှောက်မှာ ဖယောင်းတိုင်မီးများထွန်းခြင်း ၊ ရောင်စုံမီးပုံးများချိတ်ဆွဲထားခြင်းများဖြင့် လမ်းတစ်လျှောက်ကိုလည်း အလှဆင်ထားပါတယ်။ ရွာမကျောင်းသို့ဆွမ်းတော်ပို့လှူပြီးအပြန် ပွဲဈေးလည်းလျှောက်နိုင်ပါသေးတယ်။ အမျိုးမျိုးသောဈေးသည်များ၊ နယ်လှည့်မျက်လှည့်ပွဲများ၊ စတိတ်ရှိုး၊ စားသောက်ဖွယ်ရာဆိုင်တန်းများဖြင့် စည်ကားလှပါတယ်။ ဒီလို "ဆွမ်းတော်ကြီးကပ်ပွဲ" အချိန်ဟာ ကျွန်မတို့ကလေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မနက်အာရုဏ်တက်ချိန် ရွာမကျောင်းမှာ စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို အာရုဏ်ဆွမ်းကပ်လှူရင်း ၀တ်ရွတ်ပူဇော်ကြတာဟာလည်း မြင်ရကြားရသူများအဖို့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံလို့နေပါတယ်။ "ဆွမ်းတော်ကြီးကပ်ပွဲ" ကို သီတင်းကျွတ်လဆန်း (၁၄)ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့အထိ သုံးညတိုင်တိုင်ကျင်းပလေ့ရှိပါတယ်။ ဒါကတော့ ကျွန်မတို့နယ်မြို့လေးရဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ ဓလေ့တစ်ခုပဲဖြစ်ပါတယ်။ ယခင်ကလောက် မစည်ကားတော့ပေမယ့် ယနေ့အချိန်ထိကျင်းပနေဆဲပဲဖြစ်ပါတယ်။
ဒီစာကိုရေးနေရင်း ဆွမ်းတော်ဗန်းတွေကိုင်ပြီး ရွာမကျောင်းကိုသွားနေကြတဲ့လူတွေ ၊ မှောင်စပျိုးတာနဲ့ ရွာမကျောင်းသို့သွားရာလမ်းတစ်လျှောက်မှာ ထွန်းညှိထားမယ့် ဖယောင်းတိုင်မီးတွေ၊ ရောင်စုံမီးပုံးတွေကို မြင်ယောင်နေမိပါတယ်။ ကျွန်မကိုယ်တိုင် ဒီပွဲတော်ကို မဆင်နွှဲနိုင်တာဟာ ဆယ်စုနှစ်တစ်ခုတောင်ကျော်လွန်ခဲ့ပါပြီ။ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ဒီလိုနေ့ရောက်ရင် ကျွန်မရဲ့နယ်မြို့လေးကို အရမ်းလွမ်းမိပါတယ်။ ပြန်လည်း ပြန်ချင်ပါတယ်။ ရေခြားမြေခြားအဝေးမှာရောက်နေတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေလည်း ဒီလိုအချိန်ဆို အိမ်ကိုလွမ်းနေမယ်ဆိုတာ အသေအချာပါပဲ။ ဒီစာလေးဖတ်မိသူတွေအတွက် အလွမ်းပြေဖို့တော့မစွမ်းသာပေမယ့် မြန်မာလူမျိုးတွေရဲ့ ချစ်စရာဓလေ့လေးကို မြင်ယောင်ပုံဖော်ဖို့တော့ စွမ်းနိုင်လောက်ပါရဲ့ လို့ ရည်ရွယ်ရင်း ကျွန်မ မဆင်နွှဲနိုင်တာကြာပြီဖြစ်တဲ့ "ဆွမ်းတော်ကြီးကပ်ပွဲ" ကိုလည်း လွမ်းရင်းးးးး .............
"၀ါလကင်းလွတ်သီတင်းကျွတ်မှာ ရပ်နီးရပ်ဝေးမှ သူငယ်ချင်းညီအစ်ကိုမောင်နှမတွေအားလုံး ကျန်းမာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ" လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် ။ ။

{ဒီစာရေးထားတာတော့ ၂၀၁၁ခုနှစ်ရဲ့သီတင်းကျွတ်တုန်းကပါ။ facebook ရဲ့ note မှာလည်းတင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာအသစ်လည်းမရေးဖြစ် နောက်မဖတ်ရသေးတဲ့သူတွေကိုလည်းဖတ်စေချင်တာကြောင့် blog မှာပြန်တင်ရင်း အသက်ပြန်သွင်းလိုက်တာပါ။}


မာယာဖြူ 
၂၉.၁၀.၂၀၁၂ (တနင်္လာ)
8:40 PM

Why only one heart?

at 12:04 PM 0 comments

We were given
two hands to hold,
two eyes to look,
two ears to listen,
two legs to walk,
But why only one heart?


Because the other has given to someone else to find ...


မာယာဖြူ
29.10.2012 (တနင်္လာ)
12:07 PM

Tuesday, October 23, 2012

သူ့ကိုလွမ်းတဲ့ည

at 12:14 AM 5 comments

တစ်ကိုယ်ရည်အဖော်ဝေးလို့
အတွေးမှာတောင်
စံပယ်မကြွေ ခရေလည်းမမွှေး
ရနံ့ဝေးတဲ့ ည ..
ကြားတစ်ချက်မကြားတစ်ချက်
အဝေးကဂစ်တာသံကြား
သတိရမိတာ
တစ်ခါတုန်းက
သူသီချင်းတွေဆိုပြတဲ့ ည ..
တိမ်ပ၀ါခပ်ပါးပါးခင်းလို့
လေညှင်းအသော့မှာ
ငွေကြယ်တို့ရီးလေးခို
မှောင်တစ်ချက်လင်းတစ်ချက်
တဖျပ်ဖျပ်နဲ့
ငွေလကိုအံတုနေတဲ့ ည ..
အလင်းတစ်ဝက်တစ်ပျက်ကြား
အုံးစက်ရာလည်းမပျော်
ချစ်သူရှိရာမျှော်မှန်း
ဘယ်လောက်ပဲဝေးစမ်းပါစေ
သူရှိရာသာတမ်းတ
ဒီည
သူ့ ကို လွမ်း တဲ့ ည ...

မာယာဖြူ 
၂၃.၁၀.၂၀၁၂ (အင်္ဂါ)
12:15 AM
 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review