Saturday, December 1, 2012

ဆောင်းစိုလက်ထဲက အလွမ်းနှစ်ပွင့်ထိခတ်ခြင်း

at 12:42 AM
~ မိုးဇက် ~
အလွမ်းတွေကျို့ထိုးနေတာ အသက်ရှုတောင်မဝဘူး
တစ်ချက်တစ်ချက်ထိမ်းချုပ်မဲ့အလွမ်းတွေထွက်ကျလာတာများ
မြင်မကောင်းဘူး မာယာ
အဲဒီတတ်တူး ဒီလောက်အရာထင်မှန်းသိရင်
အစထဲကထိုးဖို့စိတ်ကူးမိမှာမဟုတ်ဘူး
ဘယ်သူမှမရှိတုန်း မင်းနားနားလေးကပ်ပြီးပြောပြမယ်
ကိုယ့်ဘယ်ဘက်ရင်အုံမှာ ထိုးထားတဲ့တတ်တူးစာလုံးက
“ မာယာ ” တဲ့ ...

~ မာယာဖြူ ~
မင်းအရေပြားပေါ်က နာမည်လေးတစ်ခုအတွက်
စာဖွဲ့လို့နေတာလားကွယ်
ဒီလိုဆို ကိုယ့်နှလုံးခုန်သံစည်းချက်တိုင်းမှာ
ရုပ်လုံးပေါ်နေတဲ့ မင်းနာမည်အတွက်
ဘယ်လိုကာရံတွေနဲ့ ကိုယ်ဖွဲ့ဆိုရမလဲ
စကားမစပ် မိုးဇက်ရေ
မင်းဘယ်လောက်လွမ်းနေလဲဆိုတာ
ဒီစကားလေးနဲ့ ယုံရမှာလားကွယ်

~ မိုးဇက် ~
မင်းရဲ့ရနံ့တွေနဲ့ ကိုယ့်ညတွေကူးခတ်နေရတာ
လက်ပန်းကျလှပြီ မာယာ
ဟိုးအဝေးတစ်ဘက်ဆီက လွင့်မျောလာတဲ့
မင်းရဲ့ကိုယ်သင်းရနံ့တွေ
ကိုယ့်အာရုံကိုမှ ဘာလို့နေ့တိုင်းရစ်ပတ်နေတာလဲ
မင်းရဲ့မျက်ဝန်းနက်တွေကို တဆောင်းတွင်းလုံးရှာဖွေရင်း
ဝဲကျနေတဲ့ဆံစလေးတွေကို လွမ်းရင်း
ကိုယ့်ရင်ဘက်ထဲမှာ ဒီအလွမ်းတွေအုတ်အော်သောင်းနင်းပွင့်နေတာ မင်းသိရဲ့လား
မင်းရောဘယ်လိုအရောင်တွေနဲ့ လွမ်းနေမလဲ
မင်းစိတ်ကို ကိုယ်အကြိမ်ကြိမ်ဖတ်ကြည့်နေမိတယ် ...

~ မာယာဖြူ ~
ကောင်းကင်ပြတင်းဆီက
လေပြေသောသောနဲ့
ဒရောသောပါး ခုန်ဆင်းလာတဲ့
နှင်းမှုန်တွေကြား
ဆောင်းရနံ့တွေကိုရှူရှိုက်
အလွမ်းတွေကိုထွေးပိုက်
ဒီလိုနဲ့ ကိုယ့်ညတွေမိုးသောက်နေရတာ
မင်းသိသင့်တယ် မိုးဇက်ရယ်
ဆောင်းခိုငှက်တို့အိမ်ပြန်ချိန်ရောက်ရင်
တဆောင်းလုံးစာအလွမ်းတွေနဲ့အတူ
ကိုယ်အမှာပါးလိုက်မယ်
ဟိုးးးးအဝေးကနေ
ကိုယ့်စိတ်ကို အကြိမ်ကြိမ်ဖတ်မနေပါနဲ့
ရှင်သန်ရာဘဝတစ်လျှောက်
ကိုယ့်ဘဝရဲ့သခင် ကိုယ့်နှလုံးသားရဲ့အရှင်က
မင်းပဲဆိုတာ ....

~ မိုးဇက် ~
ဒါပေမယ့် မာယာ
အဝေးတစ်နေရာကနေ
မင်းနာမည်ကို အာရုံငါးပါးစလုံးနဲ့ရွတ်နေတာ
ကိုယ့်ဘဝတစ်ရာသီလုံး မပြီးနိုင်မစီးနိုင်အောင်ပါပဲ
ကိုယ့်အသက်ရှုသံတိုင်းမှာ
မင်းပုံရိပ်တွေ လတ်လတ်ဆပ်ဆပ်ရှိနေဆဲဆိုတာ
ကိုယ့်ရင်ဘက်တစ်ခုလုံးနဲ့ တိုင်တည်ချင်လို့
မင်းဆီကို ရောက်အောင်လာခဲ့မယ် မာယာ ....

~ မာယာဖြူ ~
မိုးဇက်ရေ
ဘယ်လောက်ပဲဝေးဝေး
အချစ်တွေရှင်သန်နေသမျှ
အကွာအဝေးဆိုတာ ပညတ်ချက်တစ်ခုရယ်ပါ
တို့ဝေးစဉ်ခဏ
အေးစက်မသွားတဲ့ချစ်ခြင်းတွေ
အမြဲရှင်သန်နွေးထွေးနေရင်း
မင်းလာရာလမ်းကို သစ္စာခင်းလို့စောင့်
ဒီမြေဒီကမ္ဘာမှာ
မင်းရင်ခွင်သည်သာ
ကိုယ်အနေချင်ဆုံးနေရာ ....

{ မိုးဇက် နဲ့ ကျွန်မ တသီးတသန့် ဖွဲ့ဆိုဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ }

၁.၁၂.၂၀၁၂ (စနေ)
SWEET DECEMBER
12:43 AM

6 comments:

မိုးညချမ်း said...

ဘယ်လိုပြောရမလည်းတောင် မသိတော့ဘူး မမရေ .. မမနဲ့ အစ်ကိုမိုးဇက်တို့ရဲ့ စည်းချက်ညီကဗျာလေးက ဖတ်လို့ကောင်းတယ် ... :)

လွင်ပြင်လှိုင်းငယ် said...

နှစ်ယောက်တစ်ပုဒ်
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ အားပေးလျက်ပါ

စံပယ်ချို said...

ကွန်မန့်တောင်မရေးတတ်တော့အောင်
နှစ်ယောက်စလုံးကောင်းလွန်းနေတယ်
ညီမလေး မာယာဖြူလဲ မတွေ့တာကြာပြီနော် အလုပ်တွေရှုပ်နေတယ်ထင်တယ်
မကြီး jasmine

မိုးနတ်ကြယ်စင် said...

ကောင်းလိုက်တာ...ချစ်ခြင်းတွေများစွာပျော်ဝင်နေတဲ့..
ကဗျာလှလှလေးကို ကြည်နူးစွာနဲ့ ခံစားခဲ့ပါတယ်ရှင်....
အရမ်းကို ပီတိဖြစ်မိပါတယ်...အကိုနဲ့ အမတို့ရဲ့ ကဗျာလေးကို
နှစ်သက်လိုက်တာရှင်....
ခင်တဲ့...မိုးနတ်

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးကို ဒီမှာတစ်ခါ ထပ်ပြိး ခံစားသွားတယ်လို့...

အိမ်မက်စေရာ said...

ကဗျာကောင်းလေးကို ဒီမှာ ထပ်ပြီး တတိယအကြိမ် ခံစားသွားတယ်..
အပေါ်ဆုံးနှစ်ပိုဒ်ကို အကြိုက်ဆုံး..
နောက်တစ်ပုဒ်လောက် ထပ်ရေးပါဦးလား ဟင်..အထူးအဆန်းလေး နဲ့ အရမ်းဖတ်လို့ ကောင်းလို့
ခင်တဲ့
အိမ်မက်

Post a Comment

မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review