Monday, April 13, 2015

ချစ်သောသူ့ရဲ့မွေးနေ့မင်္ဂလာ

at 12:41 AM 0 comments



မွေးနေ့ဆိုတာ တနည်းအားဖြင့် အတိတ်ဘ၀ရဲ့ကံအကျိုးပေးကြောင့် ဒီခန္ဓာရလာခဲ့တဲ့နေ့ပါ...
နေခဲ့တဲ့သက်တမ်းတစ်လျှောက် ဘ၀အတွက်ရုန်းကန်လှုပ်ရှားရင်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ကုသိုလ်စိတ်နဲ့နေခဲ့ချိန် အကုသိုလ်စိတ်နဲ့နေခဲ့ချိန် ဘယ်စိတ်နဲ့နေခဲ့ချိန်ပိုများခဲ့သလဲဆိုတာကို တခြားနေ့တွေမှာ မတွေးရင်တောင်မှ ကိုယ့်မွေးနေ့ရောက်လာရင်တော့ ပြန်ဆင်ခြင်တွေးတောကြည့်ရင်း ရိုးရိုးသားသားအဖြေထုတ်ကြည့်ပါ...
အဲ့ဒီလို ပြန်တွေးလိုက်တဲ့အခါ ကိုယ်ဘယ်စိတ်နဲ့အများဆုံးနေထိုင်ဖြတ်သန်းခဲ့သလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ကိုယ့်ရဲ့မနက်ဖြန်ခရီးက ကံအကျိုးပေးလမ်းကြမ်းလား လမ်းကောင်းလား ဆိုတာဆင်ခြင်မိလာမှာပါ...
တစ်နှစ်တစ်ကြိမ် ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ရင်း ကိုယ့်ကိုမွေးဖွားသန့်စင်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ အမိအဘရဲ့ကြီးမားလှတဲ့ကျေးဇူးတရားကိုလည်း အထူးပြုဆင်ခြင်ပြီး ဘ၀ခရီးဆက်နိုင်ပါစေ လို့ ဆန္ဒပြုရင်းနဲ့

"HAPPY BIRTHDAY MY LOVE"
MAY GOD BLESS YOU & MAY ALL YOUR DREAMS COME TRUE


 မာယာဖြူ
April 13, 2015

Monday, April 6, 2015

စီးဆင်းသွားသောကာလများနဲ့အတူ

at 5:04 PM 0 comments



ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ချစ်စကြင်စတုန်းက
ကောင်မလေးကကောင်လေးကို ``ကျမကိုချစ်လား´´ လို့ ခဏခဏမေးခဲ့တယ်… မေးတိုင်းလည်း ကောင်လေးက ``ချစ်တာပေါ့´´ လို့ အမြဲဖြေခဲ့တယ်.. ကောင်လေးရဲ့အဖြေရပြီးတဲ့အခါတိုင်းလည်း ကောင်မလေးက ``အသက်တွေကြီးတဲ့အထိအနားမှာအတူရှိနေမှာလား´´ လို့ထပ်မေးခဲ့တယ်… ကောင်လေးကလည်း ``ရှိနေပေးမှာပေါ့´´ လို့ အမြဲဖြေခဲ့တယ်.. တစ်နေ့ကျတော့ အဲ့ဒီလိုခဏခဏမေးတတ်တဲ့ကောင်မလေးကို ကောင်လေးကလက်ဆောင်တစ်ခုပေးခဲ့တယ်…. အဘိုးကြီးအဘွားကြီးစုံတွဲအရုပ်လေးပေါ့.. အဲဒီအရုပ်လေးနဲ့အတူ ``ဒီအရုပ်လေးက ချစ်ခဏခဏမေးတတ်တဲ့မေးခွန်းအတွက်ကို့ရဲ့အဖြေပဲ တစ်သက်လုံးအတွက်ပေါ့´´ ဆိုတဲ့ ကတိတစ်ခုလည်းပေးခဲ့တယ်...
ဒီလိုနဲ့ နှစ်အချို့ကြာလာပြီးတဲ့တစ်နေ့မှာ အဝေးပြေးဘက်စ်ကားကြီးတစ်စီးပေါ် ခရီးသည်အဖြစ်လိုက်ပါလာတဲ့ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်…. 
ကောင်မလေးကကောင်လေးကိုတိုးတိုးလေးကပ်ပြောလိုက်တယ် ``ကို ဟိုဘက်ဘေးခုံကအဘိုးကြီးကိုလှည့်ကြည့်လိုက် မသိမသာလေးကြည့်နော်´´ တဲ့.. ကောင်လေးကလည်း ကောင်မလေးပြောတဲ့အတိုင်း လျှောက်လမ်းတစ်ဘက်ရဲ့ဘေးခုံမှာထိုင်နေတဲ့ ဆံပင်တွေတစ်ခေါင်းလုံးဖြူဖွေးနေတဲ့အဘိုးကြီးကို ငဲ့ကြည့်လိုက်ရင်း ``ဘာဖြစ်လို့လဲ´´ လို့မေးလိုက်တယ်… ကောင်မလေးက ကောင်လေးကိုကြည့်ပြီးမေးလိုက်တယ် ``အဲ့ဒီအဘိုးကြီးအရွယ်ရောက်တဲ့အထိအနားမှာအတူတူရှိနေပေးမှာလား´´ တဲ့.. အဲ့ဒီအချိန်မှာ ကောင်မလေးကိုသေချာကြည့်ပြီးကောင်လေးကပြန်ဖြေလိုက်တယ်
``ကံကြမ္မာအတိုင်းပဲပေါ့ကွယ်´´


မာယာဖြူ 
February Memo

Wednesday, April 1, 2015

နေ၀င်ချိန်

at 4:14 PM 0 comments


တစ်ဘက်မှာသောင်ထွန်းဖို့
တစ်ဘက်ကကမ်းပါးပြိုပေးရတယ်
ဒါသဘာဝပဲ ...
တစ်စုံတစ်ယောက်ရဲ့နှလုံးသား မြေခတဲ့နေ့တုန်းက
တချို့တွေအတွက်တော့ “အပျော်ဆုံးနေ့လေး” တဲ့ ...
ဘယ်ဘက်ရင်အုံအောက်နားမှာ နာနေလိုက်တာများ
မသင်ပဲတတ်ခဲ့တဲ့ အသက်ရှူခြင်းကတောင်
တစ်ချက်တစ်ချက် ခက်ခဲနေပြန်တယ် ...
မွန်းကျပ်လွန်းလို့ လွတ်မြောက်ချင်လည်း
ခြေလှမ်းတွေက တ၀ဲလည်လည်နဲ့
ဒီနေရာပဲ ပြန်ပြန်ရောက်နေတယ် ...
နာကျင်ခြင်း ဆိုတာ
အားလုံးဆုံးရှုံးသွားလို့ ထိရှခဲ့တဲ့ဒဏ်ရာလား ...
တစ်ချို့ကဆိုတယ်
မင်းနောက်ကျခဲ့တယ် တဲ့
ဟင့်အင်း တကယ်တော့ကျမနောက်မကျခဲ့ပါဘူး
နေ၀င်ချိန်ကိုက စောလွန်းခဲ့တာ ...

မာယာဖြူ 
၁.၄.၂၀၁၅ (ဗုဒ္ဓဟူး)
 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review